ပင်းတယ ဧပြီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ရွာမှ ဒေသခံတောင်သူများသည် ဆောင်းသီးနှံအဖြစ် နေ့စဉ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရိတ်သိမ်းပြီးနောက် ဆီစားသုံးမှုဖူလုံစေရန် သီးထပ်စနစ်ဖြင့် ဆီနေကြာများအား ဧကအများအပြား စိုက်ပျိုးကြလျက်ရှိသည်။

ပင်းတယမြို့နယ်တွင် ဆီထွက်သီးနှံများထုတ်လုပ်ရန် မြေပဲဆီ၊ ဆီမုန့်ညင်း၊ နှမ်း၊ နေကြာ စသည်တို့အား ရာသီအလိုက် စိုက်ပျိုးထားရှိပြီး နေကြာဆီအတွက် နေကြာမျိုးအား ရာသီမရွေး သီးထပ်သီးညှပ်၊ သီးနှံအဖြစ် စိုက်ပျိုးထားရှိကြသည်။ 

ဆီနေကြာများ စိုက်ပျိုးကြရာတွင် မြေ၏ ပကတိအစိုဓာတ်အတိုင်း စိုက်ပျိုးလေ့ရှိကြသော်လည်း မြေပြင်ခြောက်သွေ့သည့် နွေရာသီတွင်  မြေအစိုဓာတ် လျှော့နည်းသွားခြင်း မရှိစေရန်အတွက် ရေသွင်းစနစ်ဖြင့်  အတန်းလိုက် အစေ့ချစိုက်ပျိုးရကြောင်းနှင့် တစ်ပင်နှင့် တစ်ပင်ကြား ၆ လက်မမှ ၉ လက်မခန့်ခြားကာ အတန်းခြား ၂ ပေခန့်ခြား၍ ရေမြောင်းပြုလုပ်ကာ ရေသွင်း၍ စိုက်ပျိုးရကြောင်း ဆီနေကြာ ဧကအများအပြား စိုက်ပျိုးသူဖြစ်သည့် ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာ၊ ဦးသန်းအောင်ထံမှ သိရှိရသည်။

ဆီနေကြာများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာစနစ်ကောင်းများ ရယူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် ၃ ကီလိုပါရှိသည့် မျိုးစေ့ထုပ်သုံးထုပ်စိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်း တင်း ၂၀ မှ ၂၅ တင်းအထိ ထွက်ရှိကြောင်း၊ နေကြာစေ့ အချိန် (၃၀)ကို ကြိတ်ပါက နေကြာဆီ ၁၀ ပိသာခန့်ရရှိကြောင်း၊ နေကြာဆီ ၁၀ ပိဿာပါ ဆီတစ်ပုံးအား ကာလပေါက်စျေး ကျပ် ၈၀၀၀၀ ဝန်းကျင်ရရှိကြောင်းနှင့် ပင်းတယမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံရုံသာမက အနီးအနားဒေသများသို့ပင် ဆီတင်ပို့ရောင်းချလျက်ရှိပြီး လူမှုစီးပွားဘဝ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်
ပင်းတယ (ပြန်/ဆက်)