ပင်းတယ ဇူလိုင် ၁၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကျန်းမာ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၉ နာရီက ရွာသစ်ရပ်ကွက်အတွင်းရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားမိဘ (အုပ်ထိန်းသူ)များအား ကျောင်းသား၏ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေး ထိုးနှံထားခြင်း ရာဇဝင်များကိုမေးမြန်းပြီး ကျောင်းသား ကျောင်းသူများ၏ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေများကို စစ်ဆေးခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်း၊ နှလုံးနှင့် အခြားသော လက္ခဏာများအား စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပင်းတယမြို့နယ်အတွင်းရှိ ကျောင်းကျန်းမာရေးစစ်ဆေးပေးရန် ကျန်ရှိနေသေးသည့် အခြေခံပညာ ကျောင်းများသို့သွားရောက်၍ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)