ပင်းတယမြို့နယ်၌ ရှမ်းရိုးရာအစားအစာ ဂျင်း/ဂျူး ပဲပုတ် အိမ်တွင်းမှုလုပ်ငန်းများ တွင်ကျယ်စွာ ပြုလုပ်ဖြစ်ထွန်း

ပင်းတယ ဧပြီ ၁၉

 

ရှမ်းရိုးရာ မပါမဖြစ်ရိုးရာ အစားအစာဖြစ်သည့် ပဲပုတ်လုပ်ငန်းအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် မိသားစုတစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချကြလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ အိမ်တွင်းမှု ဂျင်း/ဂျူး ပဲပုတ်လုပ်ငန်းအား တွင်တွင်ကျယ်ကျယ်ပြုလုပ်ပြီး တခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ပင်းတယမြို့၊ ရွာသစ်ရပ်ကွက်၊ “အမေ့လက်ရာ” အိမ်တွင်းမှုလုပ်ငန်းဖြင့် နှစ်ပေါင်း နှစ်ဆယ်ကျော် သက်မွေးဝမ်းကြောင်းပြုသူ မပြူးက “ကျွန်မတို့မိသားစု ပဲပုတ်လုပ်ငန်းကို လုပ်လာတာ နှစ်ပေါင်း ၂၀ ကျော်ပြီ၊ ဂျင်းပဲပုတ်၊ ဂျူးပဲပုတ်၊ ကောက်ညင်းပဲပုတ် ဆိုပြီး သုံးမျိုးလုံး လုပ်တယ်၊ လူတိုင်းနီးပါးလည်း ကြိုက်တယ်။ တခြားဒေသတွေဖြစ်တဲ့ နေပြည်တော်၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေကိုလည်း တင်ပို့ပေးတယ်။ လက်ဆောင်ပစ္စည်းအဖြစ်လည်း လာဝယ်ကြတယ်။ ကျွန်မမိသားစုဝင်တွေအပြင် နေ့စားခ ၄၀၀၀ ကျပ်နဲ့ အလုပ်သမား (၅)ယောက်ရှိတယ်။ နေ့လည်စာ ထမင်းလည်းကျွေးတယ်။ ရေရှည် လုပ်ငန်းဖြစ်တော့ အလုပ်အကိုင်အခွင့်အလမ်းရတဲ့အပြင် မိသားစုအတွက် တစ်နှစ်ပတ်လုံး ဝင်ငွေရှိတော့ အစစအရာရာ အဆင်ပြေပါတယ်” ဟု ပြောပြသည်။

 

ဂျင်း/ဂျူး ပဲပုတ်လုပ်ငန်း ပြုလုပ်ရာတွင် ကုန်ကြမ်းဖြစ်သည့် ပဲပုတ်စေ့အား ရပ်စောက်မြို့နယ် အနီးအနား ကျေးရွာများမှ အချိန် (၃၀)ပါ အိတ်တစ်အိတ်အား ကျပ်ငွေ (၈၀၀၀၀) ဝယ်ယူရကြောင်း၊ ပဲပုတ်စေ့များအား ဆေးကြောသန့်စင်ကာ တစ်နေကုန်ပြုတ်၍ ညက်နေအောင်ကြိတ်ထားပြီး တစ်ညလုံး အအေးခံကာ နောက်တစ်နေ့နံနက်မှ လိုအပ်သည့် ဂျူး၊ ဂျင်း၊ ဆား၊ ငရုတ်သီးတို့အား အချိုးအစားအတိုင်းထည့်၍ နှံ့စပ်အောင်နှယ်ရကြောင်း၊ ထို့နောက် ပဲပုတ်များအား လိုအပ်သည့် အရွယ်အစားအတိုင်း အလုံးလေးများပြုလုပ်ကာ ပဲပုတ်ပြားများဖြစ်လာအောင် ဒုတ်ပြား (ပဲပုတ် ပြုလုပ်ရာတွင် အသုံးပြုသည့်သစ်သားပြား) ဖြင့် ပြန်ရိုက်ရကြောင်း၊ နောက်တစ်နေ့နေပူပူတွင် တစ်ရက်လုံးနီးပါး နေလှမ်းမှသာ လှပ၍ အရသာကောင်းမွန်သော ဂျင်း/ဂျူး ပဲပုတ်ချပ်များရရှိကြောင်း သိရသည်။

 

ယခုအခါ ဂျင်းပဲပုတ်၊ ဂျူးပဲပုတ်များအား တစ်ပိသာလျှင် ကျပ် (၆၅၀၀)မှ (၇၅၀၀)ကျပ်ထိ ဈေးနှုန်းရှိကြောင်း၊ ပဲပုတ်အချိန် (၃၀)ပါ အိတ်တစ်အိတ်အား ကုန်ကြမ်းပစ္စည်းများ အပါအဝင် နေ့စားခ၊ ထင်းဖိုး၊ ရေဖိုးဖြင့် ရင်းနှီးငွေစုစုပေါင်း ငွေကျပ် ၁၅၀၀၀၀ ကုန်ကျကာ အချိန် (၃)ရက်အတွင်း အမြတ်ငွေ ၃၅၀၀၀ ခန့်ရရှိကြောင်းနှင့် မိသားစုများဝင်ငွေတိုး၍ အလုပ်အကိုင် အခွင့်အလမ်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

အေးအေးလတ်

ပင်းတယ (ဒေသပြန်/ဆက်)