ပင်းတယမြို့နယ်၌ သခွားစိုက်ပျိုးတောင်သူများ စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိ

ပင်းတယ ဧပြီ ၁၈

 

စိုက်ပျိုးရေးကို အဓိကအခြေခံကာ စီးပွားဖြစ် လုပ်ကိုင်စားသောက်ကြသည့်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများရှိ ရေခြံစိုက်ပျိုးရေး လုပ်ငန်းများတွင် သခွားစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ယခုကဲ့သို့ ရေရှားပါးသည့် နွေရာသီတွင်၊ ပင်းတယမြို့နယ် ကိုးလုံးကျေးရွာ ပဲနောက်အင်းရေခြံမှ ရေသွင်းစိုက်ပျိုးသည့် သခွားသီးများ စျေးကောင်းရရှိသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ မိသားစုက သခွားသီးကို ကိုယ်ပိုင် လယ်မြေပေါ်မှာ အခုလို နွေရာသီ မိုးရေမရရှိတဲ့ အချိန်မှာ ပဲနောက်အင်းကရေကိုတင်ပြီး စိုက်ခင်းထဲကို ရေသွင်းစိုက်တယ်။ သခွားသီးက အရွယ်အစားအလိုက် တစ်လုံးကို အနည်းဆုံး ကျပ်ငွေ ၂၀၀ ကနေ ၅၀၀ ကျပ်အထိ စျေးရတယ်။ မိုးရာသီ မိုးရေရတဲ့အချိန်ကျတော့ ရေသွင်းစရာမလိုဘူးပေါ့။ အဲလိုစိုက်ပျိုးတော့ တစ်နှစ်ပတ်လုံးဝင်ငွေရတဲ့အတွက် ကလေးတွေကျောင်းစရိတ်အပြင် မိသားစုစားဝတ်နေရေး အဆင်ပြေတာပေါ့ ဟု သခွားစိုက်တောင်သူ ဦးကျော်ဝင်းက ပြောသည်။

 

ပင်းတယမြို့နယ်ရှိ ရေခြံစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် သခွားစိုက်ပျိုးသူများအနေဖြင့် သခွားပင် ပျိုးပင်မျိုးအား ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်စိုက်ပျိုးထားပြီး ယခု ဧပြီလဆန်းပိုင်းတွင် ခူးဆွတ်ရောင်းချနိုင်ပြီ ဖြစ်ကြောင်း၊ ယခုလိုအချိန်တွင် သခွားသီးစျေးကောင်းရရှိသည့်အတွက် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်းနှင့် တစ်နှစ်ပတ်လုံး ရေခြံလုပ်ငန်းများဖြင့် သခွားပင်များအပြင် အခြားအသီးအနှံများကိုလည်း အလှည့်ကျ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရှိရသည်။

 

အေးအေးလတ်

ပင်းတယ (ပြန်/ဆက်)