ရပ်စောက် အောက်တိုဘာ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ပင်းတယမြို့နယ်နှင့် ရပ်စောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများသည် ပင်းတယမြို့နယ်  ကျားကုန်းခေတ်မီ စံပြကျေးရွာတွင် SMART Village စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ရွှေနီဝက်၊ ရွှေနွားမသားပေါက်၊ တိုးပွားဝက် စသည့်  မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ထူးရှယ်အာလူးကြော် ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို ပြည်နယ်ဦးစီးမှူးများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့နယ်၊  ညောင်ပင်သာကျေးရွာ၊ တပ်ဦး(တပ်ပဲ့)ကျေးရွာနှင့် ထင်းကွင်း ကျေးရွာတို့ရှိ  ရပ်မိရပ်ဖများ၊ ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံကာ ကျေးရွာများမှ တင်ပြသည့် ကျေးလက်ရေသုံးစွဲနေမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ပြီး ကျေးရွာသူ/ ကျေးရွာသားများက မြေစာရင်းပုံစံများနှင့် စိုက်ပျိုးရေး အကြောင်းအရာများ၊ ရေရရှိမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို ပြောကြားရာ ပြည်နယ်ဦးစီးမှူးများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်