ပင်းတယ ၁၈ မတ်
ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်က လက်ရှိကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလက်ရှိသည့် COVID-19 ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ဘုရားဖူးဧည့်သည်များ အများဆုံး လာရောက်သည့် သမိုင်းဝင်ရွှေဥမင်ဘုရားနှင့် အထင်ကရနေရာများ၊ မြို့နယ်အတွင်းရှိ အလှူပွဲများ၊ မြို့မဈေးနှင့်လူစုလူဝေးနေရာများတွင် COVID-19 ပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေးဟောပြောပေးခြင်းနှင့် ကိုယ်အပူချိန်များကို တိုင်းပေးခြင်း တို့ကိုလည်းကောင်း မြို့နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများတွင် လာရောက်တည်းခိုကြသည့် ပြည်တွင်းပြည်ပ ဧည့်သည်များကိုလည်း COVID-19 ရောဂါကာကွယ်ခြင်းအတွက် လိုအပ်သည့် ပစ္စည်း ကိရိယာများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပုန်းတလုတ် ရေကန်အနီးပတ်ဝန်းကျင်နှင့် မြို့ပေါ်လမ်းများတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရှောင်တခင် စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


