ပင်းတယ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများတွင် စိုက်ပျိုးရေးအခြေခံသည့်လုပ်ငန်းများ လုပ်ကိုင်ကြလျက်ရှိရာ ပင်းတယမြို့နယ် မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာတွင် နှင်းဆီပန်းခင်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာရှိ နှင်းဆီစိုက်တောင်သူ ဒေါ်ဌေးဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ နှင်းဆီစိုက်ပျိုးနှင့်ပတ်သတ်၍ “ကျွန်မတို့ မိသားစုတွေက မြေ(၂)ဧကမှာ နှင်းဆီအပင်ပေါင်း (၁၆၀၀၀) စိုက်ပျိုးထားပါတယ်။ ပင်းတယမြို့ပေါ် ဈေးတွေကို ဖောက်သည်ပေးသလို အနီးပတ်ဝန်းကျင်ကလာဝယ်တဲ့ သူတွေလည်းရှိတယ်။ နှစ်ဆီတစ်ပွင့်ကို ၈၀ ကျပ်နဲ့ တစ်လကို တစ်ကြိမ်ခူးရင် အပွင့်ရေ (၂၅၀၀၀) ကျော်ရရှိတဲ့အတွက် ငွေကျပ်သိန်း (၂၀) လောက် ရပါတယ်။ လေးလ တစ်ကြိမ် ခူးတာဖြစ်လို့ ပထမတစ်နှစ်မှာတင် ရင်းနှီးထားတဲ့ ငွေကျပ်သိန်း (၅၀) အားလုံး ပြန်ရရုံသာမက အမြတ်ငွေလည်းရတယ်။ အခြားပန်းတွေအထွက်များတဲ့လတွေမှာတော့ နှင်းဆီပန်း ဈေးအနည်းငယ်ကျဆင်းအတွက် တစ်လကို အမြတ်ငွေ အနည်းဆုံး ငွေကျပ် (၈) သိန်း ရပြီးတော့ အခြားပန်းတွေ အထွက်နည်းတဲ့ စက်တင်ဘာလ၊ အောက်တိုဘာလတွေမှာ အမြတ်ငွေ ကျပ်(၁၂) သိန်းအထိရပါတယ်။ ပထမတစ်နှစ်မှာ အရင်းကြေပြီး နောက်နှစ်တွေမှာတော့ လုပ်အားခစိုက်ရုံနဲ့ ရရှိတဲ့ငွေကတော့ အမြတ်ငွေတွေဖြစ်ပါတယ်” ဟု ပြောသည်။
နှင်းဆီစိုက်ပျိုးရာတွင် စိုက်ပျိုးရန် ကိုယ်ပိုင်မြေမရှိသူတွေအနေဖြင့် မြေတစ်ဧကလျှင် ငွေကျပ် (၅) သိန်း ဖြင့် ငှားရမ်းအသုံးပြုရကြောင်း၊ နှစ်ရှည်စီမံကိန်းဖြင့် စိုက်ပျိုးလုပ်ကိုင်မည်ဆိုပါက (၅) နှစ်ကို ငွေကျပ် (၂၅) သိန်းဖြင့် ငှားရမ်းရကြောင်း၊ တစ်ဧကလျှင် နှင်းဆီအပင်ပေါင်း (၈၀၀၀) ခန့်စိုက်ပျိုးပြီး ရေတင် စက်များနှင့် ဆေးဖျန်းစက်များ၊ ပိုက်စွပ်များ၊ မျောစာများ၊ ဆေးဖျန်းဘူးများအပါအဝင် ကုန်ကျငွေ သိန်း(၅၀)ခန့်ရှိကြောင်း သိရသည်။
ကိုဗစ်ကာလ မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေရရှိစေရန် ရည်ရွယ်၍ နှင်းဆီပန်းခင်းများအား ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်စိုက်ပျိုးပြီး (၄)လအကြာတွင် စတင်ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ယခုအခါ ဆောင်းရာသီပန်း ဈေးနှုန်းများကောင်းသဖြင့် နှင်းဆီပန်းများ လှိုင်လှိုင်ထွက်ပေါ်နေချိန်တွင် ဈေးကောင်းရရှိပြီး မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)