ပင်းတယ   ဇန်နဝါရီ   ၁
 
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေဥမင် သဘာဝလိုဏ်ဂူတော်ဘုရားနှင့် ကျေးဇူးရှင် ကုံလုံကျောင်းဆရာတော် ရုပ်ကလာပ်တော်ထားရှိရာ စဉ့်ကျောင်းတော်အား ဇန်နဝါရီ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ရှေးဦးစွာ ရွှေဥမင် သဘာဝလိုဏ်ဂူတော်ဘုရားရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီပုထိုးတော်များအား နံနက် ၆ နာရီတွင် ပင်းတယမြို့နယ် သံဃနာယကအဖွဲ့  ဥက္ကဋ္ဌ ဆရာတော် အရှင်စန္ဒောဘာသနှင့် ဆရာတော်များက အနေကဇာတင် ပူဇော်တော်မူကြသည်။ ဆက်လက်၍ ရွှေဥမင်ဘုရား အပေါ်ပစ္စယာ ရင်ပြင်တော်၌ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မြို့နယ်သံဃနာယက ဆရာတော်နှင့် အဖွဲ့ဝင် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။ 

ယင်းနောက် ကုံလုံဆရာတော်ကြီး၏  ရုပ်ကလာပ်ထားရှိရာ စဉ့်စံကျောင်းတော်အနီးရှိ ဓမ္မာရုံတွင် ပင့်ဖိတ်၍ ကြွရောက်တော်မူကြသော မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ပင့်သံဃာတော်များ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကုံလုံစဉ့်စံကျောင်းဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ကြသည်။

ထို့နောက်ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကုံလုံစဉ့်စံကျောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များအား ကန်တော့ကြကာ ဆရာတော် အရှင်စန္ဒောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက စဉ့်စံကျောင်းတော်အား အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဇျာယ်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်၍ လှူဒါန်းမှုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနှင့် ပင်းတယမြို့နယ် ထယ်သွန်းကျေးရွာအနီး ကျေးဇူးရှင်ကုံလုံကျောင်းဆရာတော် ရုပ်ကလာပ်တော်ထားရှိရာ စဉ့်စံကျောင်းတော်အား ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကာလအတွင်း ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး ဇူလိုင် ၇ ရက်တွင် ပြန်လည်ပိတ်ထားခဲ့ရာမှ ဇန်နဝါရီ ၁၁ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနှင့် ကုံလုံကျောင်းတိုက်ဆရာတော် ထားရှိရာ စဉ့်စံကျောင်းတော်အား ကျန်းမာရေဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အများပြည်သူများ လာရောက်ဖူးမြော်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)