ပင်းတယ အောက်တိုဘာ ၁၂
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်စေရန် ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ချခြင်း၊ စွန့်ပစ်အမှိုက်များ စနစ်တကျစီမံခန့်ခွဲခြင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကောင်းမွန်သော စိုက်ပျိုးရေး၊ မွေးမြူရေး နည်းစနစ်များ ကျင့်သုံးသောကျေးရွာဖြစ်ခြင်းစသည့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းကို မြို့နယ်အတွင်းရှိ ကျေးရွာမြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၊ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများကို သင်တန်းများ ပို့ချသည့်အပြင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ အကျိုး ကျေးဇူးနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများပါရှိသည့် ဗီးနိုင်းပိုစတာများ၊ လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက် ခြင်းကို ကျေးရွာ(၁၈)ရွာသို့ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့်အဆိုပါကျေးရွာများမှာသစ်အယ်ပင်၊သရက်ပြား၊နန့်ပလန်၊ အင်းပက်လက်၊နောင်သခေါ၊အင်လုံ၊သရက်ကုန်းမြောက်၊ ကြိမ်တော၊ ရှမ်းရွာ၊ ကျောင်းရှေ့ကျင်း၊ ရှောက်ချို၊ ကိုးလုံး၊ သရက်ကုန်း(တ)၊ ညောင်ပင်ဝိုင်း၊ ကံသာ၊ ရေဖြူ(အလယ်)၊ဝါတရာ၊ ပွင့်လန်းကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိုးထွေး


