ပင်းတယ ဇူလိုင် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(ပင်းတယမြို့)တွင် ဒေသတွင်းအများ ပြည်သူတို့၏ ထည့်ဝင်လှူဒါန်းငွေဖြင့် Oxygen Plant(အောက်ဆီဂျင်စက်ရုံ) အသစ်(၁)လုံး တည်ဆောက်နိုင်ရေးအား ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ ဘုရားဂေါပကအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအာကာလင်းက အဖွင့် အမှာစကားပြောကြားရာတွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ တတိယလှိုင်းတွင် ကိုဗစ်လူနာများအား ကုသဆောင်ရွက်ရာတွင် Oxygen အသုံးပြုနိုင်မှုအခြေအနေများနှင့် Oxygen ဝယ်ယူအသုံးပြုမှုအခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်တွင် လိုအပ်လျက်ရှိသည့် Oxygen ကို မိမိတို့ဒေသတွင် အလွယ်တကူရရှိရေး ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ စသည်တို့ကို ပြောကြားသည်။
ဆက်လက်၍ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများမှ မိမိတို့မြို့နယ် အတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ရောဂါဖြစ်ပွားနေသည့် အခြေအနေနှင့် Quarantine Center ထားရှိဆောင်ရွက်မှုအခြေအနေတို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူ များက လက်ရှိ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသူ၊ Oxygen Plant အသုံးပြုနိုင်မှုအခြေအနေ၊ ရောဂါပိုးတွေ့ရှိ သူဦးရေ၊ ဆေးရုံမှ ဆင်းခွင့်ရသူဦးရေနှင့် သေဆုံးသူဦးရေတို့ကိုရှင်းလင်း တင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ရှင်းလင်းတင်ပြကြရာ ဒေသစီမံအုပ်ချုပ်ရေး ဉက္ကဌမှ ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပင်းတယ (ပြန် / ဆက်)


