ပင်းတယ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၈၈၀ တွင် တည်ရှိပြီး မြို့နယ်အတွင်းနေကြသည့် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်ကြရာ အစေ့ထုတ်ပြောင်း စိုက်ပျိုးထားသည့် တောင်သူများ ပြောင်းဈေးကောင်းရရှိရန် မျှော်လင့်နေကြ သည်။
ပင်းတယမြို့နယ်အနီးရှိ ကျေးရွာများဖြစ်သည့် ရေဖြူ၊ ကျောက်တော၊ ရွှေပုထိုး၊ လယ်ပြင်၊ မိုင်းအင် အစရှိသည့် ကျေးရွာများ၌ အများဆုံးစိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းများကို မိုးဦးကာလဖြစ်သည့် မေလတတိယအပတ်တွင် စတင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပြောင်းမျိုးစေ့တစ်ထုပ်နှုန်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ငါးလမှ ခြောက်လအကြာတွင် စတင်ခူးဆွတ် ရောင်းချနိုင်ကြောင်း၊ အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာချိန် ၉၀၀ မှ ၁၀၀၀ ကျော်အထိ ထွက်ရှိကြောင်း ပြောင်းစတင်စိုက်ပျိုးသည့်ချိန်တွင် ကုန်ကျစရိတ် မြင့်မားခဲ့ခြင်းကြောင့် အစေ့ထုတ်ပြောင်း ရောင်းချချိန် ပြောင်းဈေးနှုန်းကောင်းပြီး အကျိုးအမြတ်ရရှိရန် မျှော်လင့်နေကြကြောင်း ပြောင်းစိုက်ပျိုးထားသည့် တောင်သူများထံမှ သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)