မန္တလေး ၁၂ သြဂုတ်
ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းအနီး၊ ဓာတ်တော်ချိုင့်ရေတံခွန်မှာ မူလအတိုင်း ရေစီးဆင်းသွားပြီဖြစ်ပြီး ဆက်လက်၍ စနစ်တကျ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်(၁)တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။
အဆိုပါ ရေတံခွန်မှအကျယ် ၂ ပေခန့်ရှိ ရေယိုပေါက်မြေအောက်ဂလိုင်ထဲသို့ ရေစီးဝင်သွားသောကြောင့် ရေတံခွန်မှရေကျဆင်းခြင်းမရှိသည့်ဖြစ်စဉ်မှာ သြဂုတ် ၁၁ ရက် မွန်းလွဲပိုင်းလောက်က ဖြစ်ပွားခဲ့သည်။
ရေတံခွန်တတိယအဆင့်မှ ရေစီးဆင်းမှုမရှိသည်ကို အနီးမှဈေးသည်များက အကြောင်းကြားခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဗြုန်းအိတ်၊ကျောက်အိတ်များနှင့် ရေယိုပေါက်ကို ယာယီပိတ်နိုင်ခဲ့သည်ဟု သိရသည်။
“ဒီမနက်က စလို့ ရေတွေလာပြီ။ဒီနယ်ဘက်မှာ ထုံးဓာတ်အခံ မြေအောက်ရေရှိတဲ့ ဒေသဖြစ်လို့ ချောင်းမြောင်းအောက်မှာ ရေစိမ့်တာတွေ ရှိတတ်တယ်။ ဒုတိယအဆင့်ကန်မှာ ရေစိမ့်ပေါက်ကနေ ဒန်အိုးပေါက်လို ဖြစ်နေလို့ ရေက တတိယအဆင့်မှာ ရေပျောက်သွားခဲ့တာပါ။မနေ့ညနေထိ လိုက်ရှာတာမတွေ့ ဘူး။ ဒီမနက်မှ ရေယိုပေါက်ကို ဖြုန်းအိတ်ကျောက်အိတ်တွေနဲ့ ပိတ်လိုက်ပြီးယာယီဖြေရှင်းနိုင်ပေမယ့် ရေရှည်အတွက် စနစ်တကျဖြစ်ဖို့ ဆက်လုပ်သွားပါမယ်”ဟု ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။
အရင်က ယခုကဲ့သို့ ဖြစ်စဉ်မျိုးမရှိခဲ့ကြောင်း၊ လတ်တလော ရေယိုပေါက်ပိတ်ခြင်းကို ပို၍ ကောင်းမွန်ခိုင်ခန့်ပြီး စနစ် တကျရှိစေရန် ပညာရှင်များနင့် ညှိနိုင်းတိုင်ပင်ကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေရှည်ခိုင်မြဲစေရန်အတွက် ဒေသအာဏာပိုင်များ၊ဆည်မြောင်းဌာန၊သစ်တောဌာန၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနများနှင့်ပညာရှင်များ တိုင်ပင်ညှိနိုင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်တော်ချိုင့်ရေတံခွန်၏ ရေကျဆင်းသော ရေလမ်းကြောင်းများတွင် ကျောက်တုံးကြီးများနှင့် အခြားသောပစ္စည်းများ ပိတ်ဆို့နေပြီး ရေတံခွန်အပေါ်ဆုံးထပ်ကန်တွင် အကျယ်(၁)ပေခန့်၊ အနက်(၈)ပေခန့်ရှိသည့် ဂလိုင်ပေါက်အတွင်းသို့ ရေများစီးဝင်နေသောကြောင့် ရေစီးဆင်းမှုမရှိတော့ဘဲ ရေတံခွန်များရပ်တန့်သွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှလည်းသိရသည်။
အိမို့မို့ခိုင်
ဓာတ်ပုံ- Myanmar Fire Service


