မန္တလေး ၁၀ ဒီဇင်ဘာ

 

ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးတော် ဥယာဉ်တွင် ၁၃ ကြိမ်မြောက်အဖြစ် ကျင်းပသော ပန်းပွဲတော်တွင် ပြသထားသည့် ပန်းများ ခိုင်ခန့်ပါက နှစ်လခန့် ပြသသွားမည်ဖြစ်ကြောင်း အမျိုးသားကန်တော်ကြီးဥယာဉ် မန်နေဂျာ ဦးဝေမျိုးအောင်ထံက သိရသည်။

 

ယခုနှစ် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ဇန်နဝါရီလ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ပန်းအမျိုးအစားပါင်း (၆၉)မျိုး ပါဝင်ပြီး အပင်ပေါင်း သုံးသိန်းကျော်ကို စိုက်ပျိုးပြသွားမည်ဖြစ်သည်။

 

"ကျွန်တော်တို့ ဒီမှာပြထားတဲ့ ပန်းတွေက နိုင်ငံခြား မျိုးစိတ်တွေပါတယ်။ ပန်းတွေကတော့ နောက်ထပ် နှစ်လလောက် ခံမယ်ထင်တယ်။ ခံရင်တော့ နှစ်လပြဖို့ ရည်ရွယ်ထားပါတယ် ဒီနှစ်ပန်းပွဲတော်ကိုလာတဲ့ လူဦးရေက တော်တော်လေးများမယ် ထင်ပါတယ်။ နောက်ပြီး ခရစ်စမတ်နေ့နဲ့ ခရစ်စမတ် အပြီးနေ့မှာလဲ show ပွဲတွေ စီစဉ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

 

ပန်းပွဲတော်တွ ပြသမည့် ပန်းပင်ပေါင်း သုံးသိန်းကျော်တွင် ပြည်တွင်းမျိုး ၇၀, ၀၀၀ ကျော်၊ဂျပန်၊ တရုတ်၊ ထိုင်း နိုင်ငံတို့မှ ပြည်ပမျိုး ၂၄၀,၀၀၀ ပါဝင်ပြသမည် ဖြစ်သည်။ ယခုနှစ်ပန်းပွဲတော်တွင် ချင်းမိုင်မှ Garden and Friends ကုမ္ပဏီ ပူးပေါင်းပါဝင်ကာ ပန်းပွဲတော် ဒီဇိုင်းထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ 

 

ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ တစ်လတိတိ ပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲ၊ သစ်ခွအလှပြိုင်ပွဲ၊ ပန်းအလှထိုးပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

 

သူရိန်လင်း