ပြင်ဦးလွင်  ၁၂ သြဂုတ်


ပြင်ဦးလွင်မြို့အနီးစခန်းရှိ ဓာတ်တော်ချိုင့်ရေတံခွန်၌ သြဂုတ် ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်မှ စတင်၍ ရေစီးဆင်းမှု ခေတ္တပြတ်တောက်သွားခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီတွင် ပုံမှန်အတိုင်း ပြန်လည်စီးဆင်းနေပြီဖြစ်ကြောင်း သိရသည်။


“မနေ့က မနက် ၁၀ နာရီခွဲလောက်က ဝုန်းဆိုတဲ့အသံကျယ်ကြီး ကြားလိုက်ရပြီး နောက်ပိုင်းမှာ ရေတံခွန်မှာ ရေမစီးတော့ဘူး၊ ဒီမှာဈေးရောင်းတာ ကြာလှပြီ တစ်ခါမှ မကြုံဘူးလို့ အဲ့သြတုန်လှုပ်ခဲ့ရတယ်” ဟု ရေတံခွန်အနီး ဈေးရောင်းနေသူတစ်ဦးက ပြောသည်။


ဖြစ်စဉ်မှာ ဓာတ်တော်ချိုင့်ရေတံခွန်တွင် အဆင့် (၄)ဆင့်ရှိပြီး ဒုတိယအဆင့်တွင် ရေစီးအားကြောင့် ဂလိုင်အပေါက်ဖြစ်ကာ ပုံမှန်စီးဆင်းနေသော ရေများက ဂလိုင်မှ စီးဝင်သွားပြီးနောက် ရေတံခွန်များရှိရာသို့ ရေမရောက်တော့ခြင်းဖြစ်ကြောင်း သိရသည်။


“ဒီလိုဖြစ်စဉ်မျိုးကို ထုံးကျောက်စားပြီး ပေါက်ဖြစ်သွားခြင်းလို့ ခေါ်ပါတယ်၊ ပြင်ဦးလွင်မြို့နယ်အတွင်းမှာရှိတဲ့ တောင်တွေက ထုံးကျောက်တောင်တွေဖြစ်နေပြီး အခု ဓာတ်တော်ချိုင့်ရေတံခွန်ကလည်း ထုံးကျောက်တောင်ပဲဖြစ်နေလို့ ဒီလိုဖြစ်သွားရတာပါ၊ ပေါက်သွားတဲ့အပေါက်ကို လုံအောင်ပိတ်ဆို့ခြင်း သို့မဟုတ် ရေလမ်းကြောင်း လွှဲပေးနိုင်ရင် ပုံမှန်အတိုင်း ရေပြန်လည်စီးဆင်းနိုင်ပါတယ်” ဟု ပြင်ဦးလွင်မြို့ရှိ ဘူမိဗေဒပညာရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


အဆိုပါ ရေတံခွန်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ပြီး အပေါက်အတွင်းသို့ ကျောက်ချခြင်း၊ သဲအိတ်ဖို့ခြင်းများ ပြုလုပ်သဖြင့် ယခုအခါ ပုံမှန်အတိုင်း စီးဆင်းလျက်ရှိကြောင်း သိရသည်။


သက်နိုင်(ပြင်ဦးလွင်)