ပြင်ဦးလွင် ၇ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်မီးပုံးပြိုင်ပွဲတော်တွင် ညမီးကြီးမီးပုံးပျံ အလုံးအရေအတွက် ယခင်နှစ်များထက် ပိုများလာကြောင်းသိရသည်။
ယခင်နှစ်များထက် ညမီးကြီး ၉ လုံး ၁၀ လုံးနှင့် စိန်ပန်းနားမီးပုံးပျံ ၂ လုံး ၃ လုံး တိုးလာကြောင်း၊ ယခုနှစ်တွင် ညမီးပုံးပျံပြိုင်ပွဲအတွက် စိန်နားပန်း အမျိုးအစားက ၁၈ လုံး၊ ညမီးကြီးက အလုံး ၂၀ နှင့် နေ့အရုပ်အလှ မီးပုံးပျံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်မီးပုံးပျံ ၄၄ လုံး ရှိကြောင်းနှင့် မကြာမီတွင် မီးပုံးပျံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည် ဖြစ်သောကြောင့် လွန်ခဲ့သောရက်အနည်းကစ၍ မီးပုံးပျံကွင်းအတွင်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်ဌေးက ပြောသည်။

(၁၅)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင် မီးထွန်းပွဲတော် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ဖွင့်ပွဲ အခမ်းအနားနှင့်တကွ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တခြားအစီစဉ်များအနေဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲများ ထည့်သွင်းထားကြောင်းနှင့် ပွဲတော်သို့ လာရောက် လည်ပတ်သူများအတွက် ပွဲခင်းတွင် စိတ်ဝင်စားဖွယ် အစီစဉ်များလည်း ပါရှိကြောင်း သိရသည်။
တင်ဇာလှိုင် (ပြန်/ဆက်)



