ပြင်ဦးလွင် ဇူလိုင် ၃၁ 

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၁)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ ဦးစွာ ဆရာတော်ကြီးများထံမှ သီလတရားနာယူပြီး ပရိတ်တရားတော်များ နာယူကြသည်။

 

ထို့နောက် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတော်ကြီးအား ဆက်ကပ်ပူဇော်မည့် ဝါဆိုသင်္ကန်းတော်ကြီးအား စတုဘုမ္မိက မဂ္ဂင်ရိပ်သာ ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇယဆရာတော် အရှင်သူမြတ်ထံသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး ဂေါပကတို့က ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကြွရောက်တော်မူလာကြသည့် ဆရာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ပြင်ဦးလွင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဇနီး၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဇနီး၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်များထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား မဟာဇေယျသိဒ္ဓိသာသနာ့ ဗိမာန်တော် ပထမထပ်တွင် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

 

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)