ပြင်ဦးလွင် ၁၅ ဇူလိုင်


ပြင်ဦးလွင်မြို့ (ရတနာပုံဆိုက်ဘာစီးတီး)နည်းပညာ တက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်ရေး တက္ကသိုလ်အဖြစ် သတ်မှတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။


ပြင်ဦးလွင်မြို့ကို ဆေးလိပ်ငွေ့ ကင်းစင်ရေးမြို့အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်၍ ဆောင်ရွက်နေရာ လက်ရှိတွင် ပြင်ဦးလွင်ခရိုင်အတွင်းရှိ အစိုးရ ဌာနဆိုင်ရာရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် အားကစားရုံ၊ အားကစားကွင်းများတွင် ဆေးလိပ်မသောက်ရ ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။


"ပြင်ဦးလွင် မြို့တစ်မြို့လုံးကို ဆေးလိပ်ငွေ့ကင်းစင်ရေးအဖြစ် ဆောင်ရွက်နေပါတယ်။ အဲ့လိုဖြစ်ဖို့အတွက် နေရာတစ်နေရာချင်းစီကို လိုက်လံပြီး အသိပေးတာတွေ ဆိုင်းဘုတ်ထောင်တာတွေလုပ်ဆောင်နေပါတယ်။ ခုတက္ကသိုလ်ကိုလည်း ဆေးလိပ်ငွေ့ကင်းစင်စေဖို့အတွက် ဇူလိုင်လကုန်ထဲမှာ ဆေးလိပ်ငွေ့ကင်းစင်တဲ့ တက္ကသိုလ်အဖြစ် သတ်မှတ်တဲ့ ဖွင့်ပွဲလုပ်မယ်" ဟု အဆိုပါဌာနမှ ဌာနမှူး ဒေါက်တာသန်းဝင်းက ပြောသည်။


ထို့ပြင် ပြင်ဦးလွင် အမျိုးသားကန်တော် ကြီးဥယျာဉ်နှင့် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) တို့ကို ဆေးလိပ်ငွေ့ ကင်းစင်သည့်နေရာ အဖြစ် ဇူလိုင်လကုန်ခန့်တွင် တစ်ရက်တည်း သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။


ပြင်ဦးလွင်မြို့အား ဆေးလိပ်ငွေ့ကင်းစင်ရေးမြို့အဖြစ် ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများ၊ အစိုးရဌာနရုံးများ၊ ဘာသာရေးအဆောက် အအုံများ၊ လူအများစုဝေးလေ့ရှိသည့် နေရာများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ အားကစားရုံနှင့် ကစားကွင်းများနှင့် ဆေးလိပ်အရောင်းဆိုင်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး နေရာများအဖြစ် လုပ်ဆောင်သွားမည်ဖြစ်သည်။


ထို့ပြင် အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများကို အာဟာရနှင့် ကျန်းမာရေးပညာပေး အစီအစဉ် သွေးလွန်တုပ်ကွေးရောဂါပညာ ပေးအစီအစဉ်၊ မျိုးဆက်ပွား ကျန်းမာရေးပညာပေး အစီအစဉ်၊ မူးယစ်ဆေးအန္တရာယ် ကင်းစင်ပပျောက်ရေ းအစီအစဉ်များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆေးလိပ်မသောက်ရ နယ်မြေများအဖြစ် သတ်မှတ်ခြင်းအပြင် ဆေးလိပ်သောက်ခွင့်ရှိသော နေရာများကိုပါ သီးသန့်ထားရှိပေးမည်ဖြစ်ပြီး အခါအားလျော်စွာ စစ်ဆေးခြင်းများလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။


သူရိန်လင်း