မန္တလေး ၁၇ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ ပထမဦးဆုံးအကြိမ်အဖြစ် ထောပတ်သီးစားပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောသည်။

 

1

 

အဆိုပါ ထောပတ်သီးစားပွဲတော်တွင် မြန်မာနိုင်ငံအတွင်းရှိ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများမှ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများကို ပါဝင်ပြသမည်ဖြစ်သည်။

 

"ပြည်တွင်းမှာ ထောပတ်သီးစားသုံးမှုတွေ မြင့်တက်လာစေဖို့အပြင် ထောပတ်သီးကနေ အခြားကုန်ပစ္စည်းတွေ အများကြီးထုတ်လုပ်လို့ရတာကို သိရှိအောင် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ ဒီပြပွဲမှာ အရည်အသွေးပြည့်မီတဲ့ ထောပတ်သီးကို ဘယ်လိုမျိုး ဝယ်ယူစားသုံးရမလဲ။ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲ။ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးမှုတွေနဲ့ နိုင်ငံခြားဈေးကွက်အခြေအနေကို ရှင်းလင်းဟောပြောမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ် ''ဟု ၎င်းက ပြောသည်။

 

လက်ရှိအချိန်တွင် ထောပတ်သီးကို ငွေကျပ် ၁၀ဝ၀ လျှင် သုံးလုံးနှင့် လေးလုံးကြား ရောင်းချလျက်ရှိပြီး အသင်းမှ တစ်ကီလိုလျှင် ငွေကျပ်၂၀ဝ၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံအတွင်း၌ ထောပတ်သီးစိုက်ခင်းများကို ပြင်ဦးလွင်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)