နေပြည်တော်၊ ဩဂုတ် ၂၂
ပြင်ဦးလွင်မြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် မောင်တောမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၁ ရက် နံနက် ၆ နာရီတွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၇) နေ မအိမ့် (ခ) အိမ့်သဉ္ဇာစိုး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၂ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းတည့် ၁၂ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး ကျေးရွာအုပ်စု၊ ဇီးပင်ကြီးကျေးရွာနေ စိုးဇော်သော် (ခ) စိုးဇော် (ခ) ဒယ်ဒီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇနီးဖြစ်သူ မဌေးဌေးမော် (ခ) စိုးမေအား တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၀၀၀ နှင့် ခြံဝင်းအတွင်းမှ မော်တော်ဆိုင်ကယ် တစ်စီးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအနီးတွင် လီညီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၃ ကီလို တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့၊ (၄) မိုင်ရပ်ကွက်၊ မောင်တော-ဘူးသီးတောင်သွား ကားလမ်းတွင် ခိုင်ကျော်မိုးအား ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၉၇၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား အကြေ သုည ဒသမ ၀၇၅ ကီလို တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်