ပြင်ဦးလွင်  ၁၂  အောက်တိုဘာ

   

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊တားဆီးနိုင်ရေးအတွက် စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီမှ စတင်ပြီး ပြင်ဦးလွင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ပြင်ဦးလွင်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာသန်းဝင်း ဦးဆောင်၍ ဒေါက်တာ ကျော်မိုးထွန်းနှင့် ဝန်ထမ်းများ၊ အမှတ်(၁) တပ်မတော်စစ်ဆေးရုံ ကုတင် (၇၀၀)မှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးသို့အဝင် ရှမ်းပြည်နယ်မှ ထွက်ခွာလာသော (ကျောက်မဲ၊ လားရှိုး၊ မူဆယ်မှမန္တလေးသို့ဝင်မည့်) ကုန်တင်ယာဉ်များကို သတ်မှတ်ထားသည့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် အဝေးပြေးကုန်တင် ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား နှာခေါင်းတို့ဖတ် ယူစစ်ဆေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်အတွင်း ဖြတ်သန်းသွားလာမည့် အဝေးပြေးကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Standard  Q  Covid  19  RDT Test ဖြင့် စုစုပေါင်း(၁၉၁)ဦးတို့ကို နှာခေါင်းတို့ဖတ် ယူစစ်ဆေးပေးခဲ့ပြီး ယနေ့စစ်ဆေးမှုတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသောကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကာယကံရှင် ဓာတ်ပုံ ပါဝင်သော (၂)ပတ်အတွင်း ကျန်းမာရေးအသိအမှတ်ပြုကတ်များ အသီးသီးပေးအပ်ပြီး နောက်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆက်လက် ထွက်ခွာခွင့်ပြုခဲ့ကြောင်း RDT Test ဖြင့် နှာခေါင်းတို့ဖတ်ရယူ စစ်ဆေးရာ တွင်တစ်နာရီအတွင်း အဖြေထုတ်ပေးနိုင်ပြီး တစ်ဦးလျှင် ကျပ်ငွေ ၂၀၀၀၀ တရားဝင်ကောက်ခံ၍ နိုင်ငံတော်ငွေစာရင်းသို့ ပေးသွင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

 

မြတ်ဆုမွန်