ပြင်ဦးလွင်၊ ၁၅ ဇွန်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ ဆောင်ရွက်ခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများနှင့် ကုန်ထုတ်လမ်း ဖောက်လုပ်မှုအခြေအနေများကို ဇွန် ၁၄ ရက် နံနက် ၁၁ နာရီခွဲက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာညိုတို့က မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျွန်းတပင်ကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် လမ်းအရှည်ပေ ၁၈၀၀ ကျော်ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများက အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် Royal Strength ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် ညောင်သာယာကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

အဆိုပါစီမံကိန်းလုပ်ငန်းများနှင့် ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးလက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမည် ဖြစ်သည့်အပြင် လယ်ယာထုတ်ကုန်၊ ထွက်ကုန်များကို စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)