ပြင်ဦးလွင် ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အင်းပုတ်ကျေးရွာ၌ ယနေ့နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ဆဌမအကြိမ်မြောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အကျေပြန်ဆပ်ခြင်းနှင့် ထုတ်ချေးပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ရေရှည်လည်ပတ်နိုင်ရေးဆွေးနွေးပြောကြားပြီး အင်းပုတ်ကျေးရွာမှ မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံသို့ ရန်ပုံငွေကျပ် ၃၉၄ သိန်းကို ပေးအပ်သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသူ၊ အသင်းသားများက ယခင်နှစ်စီမံကိန်း ချေးငွေများ အပြေအကျေ ပြန်လည်ပေးဆပ်ကြပြီး မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီက ယခုနှစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် စသည့်လုပ်ငန်းများ လုပ်ကိုင်လိုသူ ၁၃၁ ဦးအတွက် ငွေကျပ် ၃၉၄ သိန်းအား ထုတ်ချေးပေးကြောင်း၊ ထိုကဲ့သို့ ထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)