နေပြည်တော် ဇန်နဝါရီ ၂၇
ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် ည ၉ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်လမ်းဆုံမြို့ ရှောင်လမ်းတွင် ရေတံခွန်လမ်းမှ ပြင်ဦးလွင် မြို့ရှောင်လမ်းဘက်သို့ ဇော်ဌေး(ခ)အာကြီး မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၇ ဒသမ ၆၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၈ သိန်း သိမ်းဆည်းရမိသည်။
သတင်းကွင်းဆက်အရ ၂၅ ရက် ညနေ ၃ နာရီတွင် ပြင်ဦးလွင်-မန္တလေး ကားလမ်း၊ မိုင်တိုင် အမှတ်(၂၂/၀)အနီးတွင် FUSO ၁၂ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအားတွေ့ရှိခြင်းမရှိဘဲ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄၂ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ စုစုပေါင်း ဘိန်းဖြူ ၈၀ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်