နေပြည်တော်၊ ဖေဖော်ဝါရီ ၇
ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ဘီလီယံ ၃၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ် - ပြင်ဦးလွင် သွားကားလမ်း၊ ညောင်ကုန်းစစ်ဆေးရေးစခန်းတွင် မိုးကုတ်မှ ပြင်ဦးလွင် သို့ အောင်အောင် (ခ) ရွှေတော (၃၁) နှစ် မောင်းနှင်ပြီး အေးမင်းအောင် (ခ) ဆန္ဒ (၃၄) နှစ်နှင့် ကျော်မင်း (ခ) မင်းမင်း (၃၂) နှစ်တို့ လိုက်ပါလာသည့် HINO ၆ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ဘီလီယံ ၃၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
သတင်းကွင်းဆက်အရ ည ၉ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မမိုးမိုးအောင် (၃၁) နှစ်အား TOYOTA CROWN မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကရင်ပြည်နယ်၊ မြန်မာ-ထိုင်း နယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ လေးဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်