ပြင်ဦးလွင်၂၀ မတ်
ပြင်ဦးလွင်မြို့သည် သဘာဝတောတောင်ပေါများသည့် ဒေသတစ်ခုဖြစ်ရာ ရှေးယခင်ကတည်းကပင် မြို့နယ်အတွင်း၌ စိမ့်ရေကန်အများအပြား တည်ရှိခဲ့ကြသည်။ အဆိုပါစိမ့်ရေကန်တို့သည် သဘာဝအလျောက် စိမ့်ရေစမ်းရေများ ထွက်ရှိပေးနေသည့်အပြင် မိုးရာသီ၌ ရွာသွန်းသောမိုးရေများကို မြေအောက်ရေအဖြစ် သိုလှောင်သိမ်းဆည်းပေးကြပြီး ဆောင်းရာသီရောက်သောအခါ ရေပိုရေလျှံများအဖြစ် ပြန်လည်ထုတ်ပေးတတ်ကြကြောင်းသိရသည်။
ပြင်ဦးလွင်ဒေသအတွင်း ကန်တော်ကြီး၊ ကန်တော်လေး၊ ထောက်ပို့ရေထွက်ကန်၊ ဖွက်ဆွတ်ကန်စသည့်ဖြင့် မြို့၏နေရာဒေသ အနှံ့အပြား၌ တည်ရှိနေကြရာ ကန်တော်လေးထောက်ပို့ကန်၊ ဖက်ဆွတ်ကန်စသည့် ရေကန်ကြီးတို့တွင် ရေလျော့နည်းလာခြင်း ခန်းခြောက်လာခြင်းတို့ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။
“အရင်နှစ်တွေက ခန်းတော့ခန်းတယ်။ ဒါပေမယ့် ဒီလောက်တော့အထိ မခန်းခဲ့ပါဘူး၊ ဒီနှစ်က နွေရာရာသီ အစရှိသေးတယ်။ ကန်တွေထဲမှာ ရေတွေတော်တော် လျော့နည်းခန်းခြောက်နေတာကို တွေ့ရတယ်၊ အခုတောင် ဒီလောက်အထိ ခန်းနေပြီဆိုရင် လာမယ့်ဧပြီလနဲ့ မေလတွေမှာ ဒီကန်တွေအတွက် မတွေးဝံ့စရာတောင်ဖြစ်နေပြီ” လို့ ကန်တော်လေးအနီး မြို့ပတ်လမ်းတွင်နေထိုင်သူ ဦးမျိုးနိုင်က ပြောသည်။
ပြင်ဦးလွင်မြို့၌ ကန်တော်လေးထောက်ပို့ရေထွက်ကန်စသည့် ရေကန်တို့ကို မှီခိုအားထား၍ နေထိုင်လုပ်ကိုင် စားသောက်နေရသူများရှိနေခြင်း၊ ၎င်းရေကန်တို့သည် ရဲလောင်းချောင်းအစပြု စတင်စီးဆင်းရာဖြစ်သဖြင့် ဂဲချောင်းရေ တို့နှင့် သာယာလှပနေသော ပွဲကောက်ရေတံခွန်ကို ထိခိုက်စေနိုင်ခြင်း စသည့်ဆိုးကျိုးများဖြစ်ပေါ် လာနိုင်သည့်အပြင် မြို့၏လှပသာယာမှုတို့ကို ပျက်စီးဆုံးရှုံးသွားစေနိုင်ကြောင်း သိရသည်။
သက်နိုင်(ပြင်ဦးလွင်)


