ပြင်ဦးလွင် ဇူလိုင် ၁၅

ပြင်ဦးလွင်မြို့နယ်အတွင်း COVID-19 ရောဂါ ဖြစ်ပွားမှုနှုန်း များပြားလာသည့်အတွက်  အောက်ဆီဂျင်အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုလ ၁၀ ရက်က ပြင်ဦးလွင်သံမဏိစက်ရုံရှိ အောက်ဆီဂျင်စက်ရုံတွင် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့သော်လည်း Vacuum Circuit Breaker အချိန်မီ လဲလှယ်နိုင်ခဲ့သည့်အတွက် ယခုလ ၁၃ ရက်မှစတင်ပြီး ပုံမှန်လည်ပတ်နိုင်ခဲ့ကာ လိုအပ်သည့်အောက်စီဂျင်များ ဖြည့်ပေးနိုင်ခဲ့ပြီဖြစ်သည်။
       
အဆိုပါစက်ရုံမှ  အောက်ဆီဂျင်လိုအပ်ချက်ကို အစွမ်းကုန်ထုတ်ပေးလျက်ရှိပြီး ပြင်ဦးလွင်ခရိုင် ပြည်သူ့ ဆေးရုံကြီး (ခုတင်-၃၀၀)၊ ပြင်ဦးလွင်အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)နှင့် အခြားတစ်ဦးချင်းနှင့် အသင်းအဖွဲ့များအတွက် ပြင်ဦးလွင်အခမဲ့နာရေးကူညီမှုအသင်းသို့ မျှဝေပေးလျက်ရှိပြီး အခြားမြို့များသို့လည်း လိုအပ် ချက်အရ မျှဝေပေးလျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းစေရေးအတွက်  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ COVID-19 ရောဂါဖြစ်ပွားနေသူများအနက် ဆေးရုံတက်ရောက်ကုသခြင်းမရှိဘဲ နေအိမ်တွင်သာ COVID - 19 စည်းကမ်းချက်နှင့်အညီ ကုသနေသူများအတွက် အမှန်တကယ်လိုအပ်သည့်အောက်ဆီဂျင်ကို သံမဏိ စက်ရုံမှတိုက်ရိုက် ဖြည့်ပေးမည်မဟုတ်ဘဲ ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်အခမဲ့နာရေးကူညီမှုအသင်းရုံးတွင် အခမဲ့သွားရောက် ဖြည့်နိုင်ပါကြောင်း တာဝန်ရှိသတစ်ဦးထံမှသတင်းရရှိသည်။

ခရိုင်ပြန်ဆက်