ပြင်ဦးလွင် ၂၇ ဇူလိုင်
ပြင်ဦးလွင်မြို့ဝက်ဝံကျေးရွာအုပ်စု၊ မြိုင်ကြီးကျေးရွာရှိ ကွင်းအမှတ်၇၀၁၊ တောင်သူ ဒေါ်ခင်သန်းမေ၏ လယ်(၁)ဧက၌ ဒေသခံ တောင်သူများအား ကောက်စိုက်စက် 6 Rows Kubota Transplanter NSPU68CMD ထိုင်မောင်းစက်ဖြင့်ရွှေရင်အေးစပါး လက်တွေ့ သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ သရုပ်ပြပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမှ "မိမိတို့နိုင်ငံသည် ဆန်စပါးစိုက်ပျိုးရေးကိုပိုမို အားထားသည့်အတွက် နည်းပညာအကူအညီဖြင့် ပိုမိုခေတ်မီ၍ အထွက်နှုန်းကောင်းရန် အရေးကြီးပါကြောင်း" ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်လွင်ဦးမှလည်း လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနေရာတွင် တစ်ဧကစိုက်ပျိုးချိန် (၁) နာရီသာကြာပြီး အချိန်ကုန်သက်သာခြင်း၊ လယ်လုပ်သားရှားပါးမှုကိုဖြေရှင်းပေးနိုင်ခြင်း၊ ပင်ခြားတန်းခြား ညီညာ၍ လေဝင်လေထွက် ကောင်းမွန်ခြင်းစသည့် အကျိုးများရရှိကြောင်း ရှင်းလင်းခဲ့သည်။
သရုပ်ပြပွဲသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးအောင်လွင်ဦး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်စိုးဦးနှင့် ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့် ဒေသခံတောင်သူ (၇၂) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြားပေါင်းလိုက်ကိရိယာအသုံးပြုရာတွင် အဆင်ပြေခြင်း တစ်ဧက မျိုး ၆ ပြည်မှ ၈ ပြည်အထိသာ သုံးရခြင်း၊ ပျိုးရက် ၈ ရက်မှ ၂၂ ရက်အတွင်း စိုက်ပျိုးနိုင်ခြင်း၊ စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
မြတ်ဆုမွန်


