နေပြည်တော် ၂၇ ဩဂုတ်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ အေးရှားဝေါလ်တိုးဂိတ်ဟောင်း၊ မြို့ရှောင်လမ်းအနီး၊ မိုင်တိုင် (၄၇)နှင့် (၄၈)ကြားတွင် ခရီးသည် တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ခရီးသည် မပိုးအိဖြူထံမှ ငွေကျပ် ၂,၃၁၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀၊ မြန်မာငွေ ၉၅,၅၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဆရာစံလမ်း၊ ရန်ကင်းဈေးရှေ့ ကားပါကင်တွင် ရပ်တန့်ထားသည့် TOYOTA MARK II မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်၌ သော်တာမင်း(ခ)ကိုမင်း၊ မမြတ်စန္ဒီဦး(ခ)အီပီး၊ မင်းချိုသိန်းတို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး သတင်းအရ ညပိုင်းတွင် မင်းချိုသိန်းနေထိုင်သည့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အိမ်အမှတ် (၂/၈/၁၆၇)၊ (၅)လွှာ၊ အခန်းအမှတ် (၅၅)အား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၅၈၅ ပြားနှင့် စိတ်ကြွရူးသွပ်ဆေးအကြေမှုန့် သုည ဒသမ ၀၁၉ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား