နေပြည်တော်၊ ဒီဇင်ဘာ ၅
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဒိုးကွင်ဥယျာဉ်ခြံကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ခြံ၏ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ပန်းမြို့တော်ကို အထောက်အကူ ဖြစ်စေရန်အတွက် ပန်းမျိုးများ ထုတ်လုပ်ဖြန့်ဖြူး နည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်နှင့် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လိုသူများအတွက် စံနမူနာကောင်း ပေးနိုင်ရေးအတွက် ကွင်းကျယ် ကွင်းပြည့် စိုက်ပျိုးပြသရန်၊ ရေမြေဒေသနှင့် ကိုက်ညီသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ မျိုးကောင်းမျိုးသန့်မျိုးစေ့၊ ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့်အတူ စိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ အပင်တစ်သျှူး နည်းပညာဖြင့် မြန်မာနိုင်ငံရှိ ဆေးဖက်ဝင်သစ်ခွများအား ပွားများထုတ်လုပ်၍ သစ်ခွစိုက်ပျိုး ထုတ်လုပ်သူများအား ပညာပေးရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Mandalay Coffee Group Co.,Ltd ၏ ကော်ဖီစက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အကြား သဘောတူညီချုပ်ဆိုထားသည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်၊ ဒိုးကွင်ကျေးရွာအနီး ရွာထောင်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဒိုးကွင်ရေလှောင်တမံကို ကြည့်ရှုစစ်ဆေးပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ဌာနပိုင် ဥယျာဉ်ခြံများ၏ စိုက်ပျိုးရေး လိုအပ်ချက် ဖူလုံစွာပေးဝေနိုင်ရေး၊ တမံများဘေးကင်းလုံခြုံရေးနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် စည်သာရေလှောင်တမံ၊ စည်သာရေကူရေလှောင်တမံ၊ ဆင်လမ်းရေလှောင်တမံနှင့် ဒိုးကွင်ရေလှောင် တမံများ၏ ရေသောက်စနစ်များမှ ဒေသ၏ သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေမှု လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရေလှောင်တမံများအားလုံးသည် ရေပြည့်အမှတ်အောက် တစ်ပေခန့်စီသာရှိကြောင်း သိရသည်။
သတင်းစဉ်