မန္တလေး ၁၁ ဇန်နဝါရီ

မန္တလေး-ပြင်ဦးလွင်ကားလမ်း တလဲကုန်းကျေးရွာအနီး လမ်းဘေးဝဲ/ယာတွင်  ပန်းဈေးရောင်းချနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိရာ ယာဉ်ကြောပိတ်ဆို့မှုနှင့်ယာဉ်မတော်တဆမှုများ ကင်းဝေးစေရန် မန္တလေး-ပြင်ဦးလွင်ကားလမ်းနှင့် တန်ဖိုးမျှတအိမ်ရာ အဝင်လမ်းဘေး သန့်စင်ကုန်းကျေးရွာ အနီးတွင် ပန်းဈေးအသစ် အား ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်မှုပြီးစီး၍ လာမည့်ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မှ သိရသည်။

အဆိုပါ ပန်းဈေးသစ်ကို မြေဧက ၂ဒသမ ၁၉ ဧကတွင် တည်ဆောက်ထားပြီး ပန်းဈေးအဆောင် ငါးဆောင်နှင့် စက်ရေတွင်း၊ ရေလှာင်ကန်၊ ရေစင်၊ ခြောက်ခန်းတွဲအများသုံး သန့်စင်ခန်းများနှင့် ဈေးရုံးခန်းများ ပါဝင်သည်။ ပန်းဈေးအဆောင် တစ်ဆောင်လျှင် ဆယ်ပေပတ်လည် အခန်း(၂၄)ခန်း ပါဝင်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ငွေကျပ်သန်း ၃၀ဝ အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေး-ပြင်ဦးလွင်ကားလမ်းမှ ပန်းဈေးအသစ်အဝင်ပေါက်အထိ မူလမြေသားလမ်း မှ ကွန်ကရစ်လမ်း ခင်းခြင်းများအား ဆောင်ရွက်ထားခြင်းကြောင့် ပန်းဈေးအသစ်သို့ လွယ်ကူချောမွေ့စွာ ဝင်/ထွက် သွားလာကြောင်း သိရသည်။

“ပန်းဈေးဆိုင်ခန်းများကို အပြတ်ရောင်းချပေးမှာ မဟုတ်ဘဲ လခနဲ့လစဉ် ပေးသွင်းရမှာပါ၊ ပြန်လည် ရောင်းချခွင့် နဲ့ လွှဲပြောင်းခွင့်ကို လုံးဝခွင့်မပြုဘဲ လက်ရှိပန်းဈေးတွင် ရောင်းချနေသည့် ဈေးသည် ၁၁၂ ဦးကို နေရာချပေးသွားမှာပါ” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)