နေပြည်တော် မတ် ၁၆
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ကလေး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စာကြည့် တိုက်၊ ပြတိုက်ငယ်နှင့် ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး ပြီး ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံတို့နှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများအတွက် မှာကြားသည်။ ယင်းနောက် ဝန်ထမ်း များ၏ တင်ပြချက်များကို ဆွေးနွေး ညှိနှိုင်း၍ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ခရိုင်အဆင့် တာဝန်ရှိသူများနှင့် အတူ ကလေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ တက္ကသိုလ်ဝင် စာမေးပွဲ အေချမ်းစွာ ဖြေဆိုနေမှု ကို သွားရောက်ကြည့်ရှုပြီး ခရိုင် ပညာရေးမှူး၊ မြို့နယ်ပညာရေး မှူး၊ ဆရာ ဆရာမများ၊ အေးချမ်း စွာဖြေဆိုရေး ကူညီဆောင်ရွက် ပေးကြသော ဝန်ထမ်းများ၊ လုံခြုံ ရေးအဖွဲ့များနှင့် တွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ကလေးမြို့ နေသာကျောင်းတိုက်သို့ ရောက်ရှိ ပြီး နေသာဆရာတော် ဘဒ္ဒန္တဓမ္မိကအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ပြီး နေသာပရဟိတ စာသင်ကျောင်းနှင့် နေသာစာကြည့်တိုက် အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် စေတနာရှင်များက လှူဒါန်းသော ငွေကျပ်သိန်း ၂၀ နှင့် စာအုပ် စာစောင်များ လှူဒါန်းကာ ဆရာတော်က ယနေ့ခေတ်လူငယ်များ ငယ်စဉ်ကတည်းက အသိပညာဗဟုသုတ ပြည့်စုံရေးနှင့် အတွေးအခေါ် အလုပ်အကိုင် မှန်ကန်စေရေး အလေးထားဆောင်ရွက်ပေးစေလိုကြောင်း မိန့်ကြားရာ ဒုတိယဝန်ကြီးက နိုင်ငံတော်က လူငယ်များ အသိပညာပေးလုပ်ငန်းများနှင့် ဗလငါးတန်ပြည့်ဝ သော လူငယ်များ ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေမှုများကို ရှင်းလင်းလျှောက်ထားခဲ့သည်။
ယနေ့မွန်းလွဲပိုင်းတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး စဉ့်ကိုင် မြို့နယ်နှင့် တံတားဦးမြို့နယ်ရုံး တို့မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထို့နောက် ကျောက်ဆည်ခရိုင် ရုံးတွင် ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြစ်သားမြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားပြီး ခရိုင်ရုံးတွင် ဖွင့်လှစ်ထားသော အင်္ဂလိပ်စာ အခြေခံသင်တန်းတက်နေသည့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြန်ကြားရေးနှင့် အသိပညာပေးရေး လုပ်ငန်းများကို ထိရောက် အောင်မြင်အောင် အကောင်အထည်ဖော်ရေး၊ မိမိရုံးနှင့် စာကြည့်တိုက်တို့ကို ပြည်သူလူထုနှင့် လူငယ်များက အားကိုးချင်စိတ် ရှိလာအောင် စည်းရုံးပြီး စာဖတ်သူ၊ စာငှားသူ များပြားအောင် ဆောင်ရွက်ရေး၊ ဝန်ထမ်း ကောင်းပီသစွာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရေးနှင့် မီးဘေးလုံခြုံရေး ဂရုပြုရန်တို့ကို မှာကြားခဲ့သည်။
သတင်းစဉ်