ရန်ကုန် ဇွန် ၃

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်များအတွက် မြင့်မြင့်ခင်ဖောင်ဒေးရှင်းမှ ဒေါက်တာ မြင့်မြင့်ခင် ရေးသားသော ဆီးချိုလူနာလမ်းညွှန်နှင့် ဆီချိုရောဂါနှင့် ဝေဒနာစာအုပ်များ‌ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်းလမ်းအမှတ် ၁၄ (A) ရှိ သက်ကြီး ဆရာဝန်များစင်တာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စာအုပ်အလှူရှင် ဥပဒေပါမောက္ခ (ငြိမ်း) ဒေါတ်တာမြင့်ဇံက ကွယ်လွန်သူ မိခင်ကြီးဆေးပညာ ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်ကို ရည်စူး၍ လှူဒါန်းရခြင်းဖြစ်ကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့် စကားအတိုင်း နိုင်ငံတော် ဘက်စုံဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးတို့အတွက် ပြည်သူများ စာများများ ဖတ်လာစေရန်နှင့် စာပေများဖတ်ရှုပြီး ဗဟုသုတများ တိုးပွားလာစေရန်တို့ကို ရည်ရွယ်၍ စာအုပ်များ လှူဒါန်းရခြင်းဖြစ်ကြောင်းပြောကြားပြီး ဒေါက်တာမြင့်မြင့်ခင်ကိုယ်တိုင် ရေးသားထုတ်ဝေခဲ့သည့် ဆီးချိုလူနာ လမ်းညွှန်နှင့် ဆီးချိုရောဂါနှင့် ဝေဒနာစာအုပ် နှစ်မျိုးတန်ဖိုးငွေကျပ် (၁၄၇၀၀၀၀/-)ရှိ စာအုပ်ပေါင်း (၈၄၀) ကို အလှူရှင်ဥပဒေ ပါမောက္ခ (ငြိမ်း) ဒေါတ်တာမြင့်ဇံက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်လုပ်ဌာနခွဲ စာတည်းမှူး ဒေါ်သင်းသင်းဦးထံ ပေးအပ်လှူဒါန်းခဲ့ရာ စာတည်းမှူး ဒေါ်သင်းသင်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါစာအုပ်တွင် ဆီးချိုရောဂါ၏ ပဓာနကျတဲ့ အကြောင်းများ၊ ဆီးချိုဖြစ်ပြီဆိုလျင်၊ ဆီးချိုနှင့် အစားအစာ၊ ဆီးချိုရောဂါကို ကုသကြီးကြပ်ခြင်း၊ ဆီးချို နောက်ဆက်တွဲ ဖြစ်ရပ်များနှင့် အရင်းခံအကြောင်းများ၊ ဆီးချိုကုသမှုရဲ့အနာဂတ်၊ ယနေ့ကမ္ဘာရဲ့ ဆီးချိုရောဂါ၊ ဆီးချိုရောဂါရဲ့ သဘောသဘာဝ၊ ဆီးချိုရောဂါနဲ့ အစားအသောက်ကဏ္ဍ၊ ဆီးချိုရောဂါနဲ့ ကိုယ်ခံခုခံအဖွဲ့အစည်း၊ ဆီးချိုရောဂါတိုက်ဖျက်ရာတွင် ဦးတည်ရမည့် အဆင့်များ၊ ဆီးချိုရောဂါကိုရင်ဆိုင်ရှေ့ရှုခြင်း စသည့်ဆီးချိုရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဗဟုသုတများ ရရှိမည့် စာအုပ်ကောင်းများဖြစ်ကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)