မင်းဘူး    ၁၆    ဩဂုတ်        


မင်းဘူးခရိုင် အတွင်းရှိ ဒေသထွက်ကုန်နှင့် ရှေးဟောင်း အမွေအနှစ် ပစ္စည်းများကို မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြတိုင်ငယ်တွင် ပြသဆောင်ရွက်ထားလျက်ရှိရာ အများပြည်သူများ  လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း  သိရသည်။


ပြတိုက်ငယ်တွင် မင်းဘူး(စကု) မြို့နယ်သမိုင်း အချက်အလက်များ၊ မင်းဘူး(စကု) မြို့နယ်အတွင်း တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများ၊ မန်းရေနံမြေနှင့် ထောက်ရှာပင် ရေနံမြေတို့မှ ထွက်ရှိသော ရေနံများနှင့် ရေနံလုပ်ငန်းခွင် မှတ်တမ်းဓါတ်ပုံများ၊ ဝါးဖြင့်ပြုလုပ်ထားသော လူသုံးကုန် အသုံးအဆောင် ပစ္စည်းများ၊ မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖို ထုတ်လုပ်ပုံအဆင့်ဆင့် မှတ်တမ်းဓါတ်ပုံများနှင့် ပစ္စည်းများ၊ မြန်မာတိုင်းရင်းသားများ အဝတ်အထည်ကို ရက်လုပ်ရာတွင် ချည်ငင်ယူရသည့် ရစ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ် အတွင်းရှိ ချင်းတိုင်းရင်းသားတို့၏ အသုံးအဆောင်ပစ္စည်း မှတ်တမ်းဓါတ်ပုံများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။


အဆိုပါ ပြတိုက်ငယ်သို့ ဩဂုတ်လ (၁၆) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဉက္ကဌ ဒေါ်နန်းရွှေနွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်  မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 


မျိုးမြတ်(မင်းဘူး)