နေပြည်တော် ၊ ၄ ဖေဖော်ဝါရီ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ဖြန့်ချိမှုအဖွဲ့ (TRC) တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံရှိ စာကြည့်တိုက်များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စာကြည့်တိုက်တာဝန်ခံတစ်ဦး၏ လုပ်ငန်းအတွေ့အကြုံများအား မျှဝေခြင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် Higashi Kasai Library နှင့် Shinozaki Children Library တို့တွင် စာကြည့်တိုက်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Mr. Kashiwabara Hirokazu က ဂျပန်နိုင်ငံရှိ စာကြည့်တိုက်များအကြောင်း၊ မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု၊ စာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာကြည့်တိုက်တစ်တိုက်ချင်းစီသို့ နေ့စဉ်စာအုပ်များ လဲလှယ်ပေးမှု၊ စာကြည့်တိုက်တွင် စာအုပ်များ ထိန်းသိမ်းခြင်း၊ ထားသိုခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်မှု၊ စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့် အုပ်ချုပ်မှုဆိုင်ရာများကို အကျယ်တဝင့်ဆွေးနွေးမျှဝေသည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်သူများက သိလိုသည်များကိုမေးမြန်းရာ Mr. Kashiwabara Hirokazu က ပြန်လည်ဖြေကြားသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အရာထမ်း(၇၁)ဦးနှင့် ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ဖြန့်ချိမှုအဖွဲ့(TRC)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဂျပန်နိုင်ငံရှိ ကလေးစာကြည့်တိုက်များ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ထပ်မံတွေ့ဆုံ၍ မျှဝေဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဆန်းဝင်း(ပြန်/ဆက်)


