နေပြည်တော်   ၅  ဧပြီ  

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက်  ရွေ့လျားစာကြည့်တိုက်ယာဉ်များဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးလျက်ရှိသည်။

 

34

 

ယခုအခါ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ မြသာယာဈေး၊ ပြည်သူ့ဆေးရုံ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ သင်္ဘောဆိပ်များ၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ အောင်ဇမ္ဗူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကလောမြို့ရှိ မြို့မဈေး၊ နန်းသဲကျေးရွာ၊ မြင်းစိုင်းကုန်းကျေးရွာ များ၌လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍  ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့်ပူးပေါင်းကာ လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်သကဲ့သို့ လက်သန့် ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးခြင်းများအား သရုပ်ပြ ဆွေးနွေးပညာပေးခြင်း၊ ရုပ်ရှင်နှင့် ဂီတအနုပညာ  ရှင်များက နှိုးဆော်ပေးသည့် အသိပညာပေးနှိုးဆော်ချက်များကို နံရံကပ်ပြဘုတ်များတွင် ခင်းကျင်းချိတ်ဆွဲ ပြသခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ရပ်ရွာအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

3368

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင် (၈၀ဝ၀)နှင့် လက်သန့်ဆေးရည် ၅ လီတာဆံ့ (၁၆) ပုံးတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လှူဒါန်းထားရှိကြောင်း သိရသည်။ 

 

ကျော်စွာ (ပြန်/ဆက်)