နေပြည်တော်၊ ဖေဖော်ဝါရီ ၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် ထူးချွန်ဆုရရှိသူ ဝန်ထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို  ယနေ့ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းက တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဦးစီးမှူးများနှင့် သင်တန်းများ၊ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများအား ယခုကဲ့သို့ တွေ့ဆုံအားပေးခွင့် ရရှိခဲ့သည့်အတွက် လွန်စွာဝမ်းမြောက်မိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို တာဝန်ကျနယ်မြေအသီးသီးတွင် ကျေပွန်စွာ ထမ်းဆောင်နေကြသည့်အတွက် အားရကျေနပ်မိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသည် သာမန်အားဖြင့် ပိတ်ရက်/ နားရက်မရှိဘဲ ပြည်သူများကို အကျိုုးပြုရသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ စိတ်ဓာတ်နှင့် စေတနာကောင်းမွန်အောင် ပြုကျင့်ဆောင်ရွက်ပေးကြစေလိုကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်က နယ်စပ်ဒေသများရှိ ဝန်ထမ်းများနှင့် အမြဲမပြတ်ထိတွေ့၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်ထားပါကြောင်း၊ မိမိတို့ကျရာနေရာများတွင် နိုင်ငံတော် အစိုးရ၏ ဦးတည်ချက်၊ ရည်မှန်းချက်များ အောင်မြင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ အထူးသဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် သတင်းတု/ သတင်းမှားများ တိုက်ဖျက်ရေး လုပ်ငန်းများကို ပြည်သူများ ပူးပေါင်းဆောင်ရွက်စေရန် မီဒီယာနည်းလမ်းများဖြင့် စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး နယ်စပ်ဒေသ အသီးသီးရှိ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ ညစာအတူတကွ သုံးဆောင်ခဲ့ ကြသည်။

သတင်းစဥ်