နေပြည်တော် ဖေဖော်ဝါရီ ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ ပြိုင်ပွဲနှင့် သင်တန်းများတွင် ဆုရထူးချွန်ဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ခရိုင်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူးများက အွန်လိုင်းမှ တက်ရောက်ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ “ပေါင်းစည်းချစ်ကြည် လက်တွဲညီ” မှတ်တမ်းဗီဒီယိုကို ပြသသည်။

တက်ညီလက်ညီ စည်းလုံးညီညွတ်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည်မှာ ဌာနတွင်ရှိသည့် ဦးဆောင်ဦးရွက်ပြုနေသူများ၊ တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ တက်ညီလက်ညီ စည်းလုံးညီညွတ်မှုများကြောင့် ဖြစ်ပါကြောင်း။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးပေါင်း ၄၃၅ ရုံးနှင့် ဖွဲ့စည်းထားသည့် ကြီးမားသည့် ကွန်ရက်ကြီးတစ်ခုဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်ဖြစ်သည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းနှင့် ဖျော်ဖြေပေးခြင်းလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါကြောင်း။

အလားတူ နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ဂုဏ်ယူဖွယ်ရာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ဦးစီးဌာနအနေဖြင့် မှန်ကန်သည့် သတင်းအချက်အလက်များကို ပြည်သူများ သိရှိနိုင်စေရန် စာသားသတင်းများအပြင် ရုပ်သံသတင်းများကို Social Media Platform များဖြစ်သည့် Facebook, Instagram, Twitter, Telegram နှင့် MOI Website များမှ လွှင့်တင်ဖော်ပြပေးသကဲ့သို့ MOI Application နှင့် mtube တို့မှ လွှင့်တင်ပေးနေသည်ကိုလည်း တွေ့ရပါကြောင်း။

သက်ဆိုင်ရာခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများ၏ Facebook Page များတွင်လည်း ဒေသဖွံ့ဖြိုးရေးသတင်းများ၊ နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များနှင့် အခြားအသိပညာပေးအကြောင်းအရာများ ရိုက်ကူးထုတ်လွှင့်နေသည်ကို တွေ့မြင်ရသည့်အတွက် ခေတ်မီနည်းပညာများနှင့်အညီ လိုက်ပါပြောင်းလဲနိုင်သည်ဟု သုံးသပ်ရပါကြောင်း။

တိုင်းကျိုး၊ ပြည်ကျိုး ဆွေးနွေးတိုင်ပင်ရာ

ထို့ပြင် ဦးစီးဌာန၏ ပြည်သူ့စာကြည့်တိုက်များကို ပြည်သူများ အသိပညာရှာ မှီးရာနေရာ၊ သတင်းအချက်အလက်များ ဖြန့်ဝေရရှိရာနေရာ၊ တိုင်းကျိုး၊ ပြည်ကျိုးနှင့် ရပ်ကျိုး၊ ရွာကျိုးများကို ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူများ စာဖတ်ခြင်းဖြင့် အပန်းဖြေဖွယ်ရာနေရာများဖြစ်လာစေရေးအတွက် လူထုအခြေပြုဗဟိုဌာန (Community Centre) များအဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော်လျက်ရှိရာ ၂၀၂၃ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ်ကို အဆင့်မြှင့်တင်ဖွင့်လှစ်ပေး နိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာများ မြှင့်တင်ဆောင်ရွက်ပေးရန် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်တိုင်းပြည်၏ အားကိုးအားထားပြုရသည့် မျိုးဆက်သစ်ခေါင်းဆောင်များ ဖြစ်လာစေရန်အတွက် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကိုလည်း တစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း။

ဌာန၏ ကောင်းမွန်သော ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်  ပြည်သူများအကြား ပေါင်းကူးတံတားသဖွယ် ဖြစ်လာစေရန်နှင့် ဌာန၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် အဓိကကျသည့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအပါအဝင် သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပို့ချပေးနေသည်ကိုလည်း တွေ့ရပါကြောင်း။

၂၀၂၄ ခုနှစ် နှစ်သစ်တွင် နိုင်ငံတော်နှင့် လူမှုစီးပွားဘဝ တည်ဆောက်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေပြီး နိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ ယုံကြည်အားကိုးရသည့် ဌာနတစ်ခုအဖြစ် ရပ်တည်ကာ ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ ဦးစီးဌာန၏ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာစေရန် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်နှင့် ကိုယ်ရည်ကိုယ်သွေးများ တိုးတက်လာစေရေး ကြိုးပမ်းထမ်းဆောင်ကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ညွှန်ကြားရေးမှူးရာထူးတိုး ခန့်အပ်လွှာများ ပေးအပ်သည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် စီမံထူးချွန်ဆု၊ ဇေယျာစီမံထူးချွန်ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ထူးချွန်ဆု၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု၊ ဝတ္ထုတိုပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲဆုများနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ရောင်စုံဓာတ်ပုံပြိုင်ပွဲဆု၊ သင်တန်းထူးချွန်ဆုနှင့် သတင်းမှန်တုံ့ပြန်ဆောင်ရွက်မှုဆုများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ထူးချွန်ဆုနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ကြ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က ခရိုင်အဆင့် သတင်းလွှင့်တင်ဖော်ပြခံရမှုဆု ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများရရှိကြသည့် ခရိုင်ရုံးများကို ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆုများပေးအပ်ချီးမြှင့်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြို့နယ်အဆင့် လုပ်ငန်းစွမ်းဆောင်ရည်ဆု ပထမရရှိသည့် အောင်မြေသာစံမြို့နယ်ရုံး၊ ဒုတိယရရှိသည့် ဒေးဒရဲမြို့နယ်ရုံး၊ တတိယရရှိသည့် ပန်းတနော်မြို့နယ်ရုံး၊ အထူးဆုများရရှိသည့် ပျော်ဘွယ်မြို့နယ်ရုံး၊ တံတားဦးမြို့နယ်ရုံး၊ နတ်မောက်မြို့နယ်ရုံး၊ သီပေါမြို့နယ်ရုံးနှင့် လယ်ဝေးမြို့နယ်ရုံးတို့ကိုလည်းကောင်း၊ ခရိုင်အဆင့် လုပ်ငန်းစွမ်းဆောင်ရည်ဆု ပထမရရှိသည့် ကျောက်ဆည်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး၊ ဒုတိယရရှိသည့် တောင်ကြီးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းနှင့် တတိယရရှိသည့် သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လုပ်ငန်းစွမ်းဆောင်ရည်ထူးချွန်ဆုရရှိသည့် ရှမ်းပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေအားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဆုရရှိသူများကိုယ်စား ရှမ်းပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသူများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

သတင်းစဉ်