နေပြည်တော် ဇွန် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး ဒေါ်ခင်ဆွေဝင်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဇနီး ဒေါ်ဝင်းရီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
မြန်မာ့ကျောင်း သီချင်းဖြင့်သီဆိုဖွင့်လှစ်
အခမ်းအနားကို ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး “စိန်ပွင့်ပမာ လင်းလက်ပါ” ဗီဒီယိုကလစ်ကို ဖွင့်လှစ် ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူငယ်ဆိုသည်မှာ အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်ပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုရိုးစကားအတိုင်း နောင်တစ်ချိန် လူကြီးဖြစ်လာကြမည့်၊ နိုင်ငံတော်၏ ပခုံးပြောင်း တာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် ထူးချွန်သည့် ကျောင်းသား ကျောင်းသူ လူငယ်များအား အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းနေ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားဖြစ်၍ ကျက်သရေမင်္ဂလာအပေါင်း ဝေဆာခညောင်းသည့် အခမ်းအနား ဖြစ်ပါကြောင်း။
ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ထားရှိရမည်
လူငယ်များသည် အများအကျိုး၊ နိုင်ငံ့အကျိုးကို မည်ကဲ့သို့ သယ်ပိုးဆောင်ရွက်မည်ဆိုသည့် စိတ်တည်ရှိနေရန် လိုအပ်ပါကြောင်း၊ ဘဝအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ထားရှိရမည်ဖြစ်ပြီး ထားရှိသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ဖြစ်လာစေရန်၊ လမ်းကြောင်း မပျောက်စေရန် တစိုက်မတ်မတ် ကြိုးစားရမည်ဖြစ်ပါကြောင်း။
ပညာရေးကဏ္ဍကို အလေးထား
နိုင်ငံတော်အနေဖြင့်လည်း ပညာရေးကဏ္ဍကို အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးသည် အဓိက အရေးအကြီးဆုံးဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်ကာ အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများက ကိုယ်စီကြိုးပမ်းမှု များဖြင့် နိုင်ငံအတွက် အားကိုးအားထားပြုထိုက် သည့် လူငယ်များဖြစ်လာစေရန် ကြိုးပမ်းသွားကြစေ လိုပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများကို ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များကို ပေးအပ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မဖြူစင်သက်မှူး၊ ၄ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မဆုမြတ်သွင်နှင့် မဖြူစင်ထက်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီးက ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတို့မှ ကိုယ်စားလှယ်များကိုပေးအပ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၃ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မဖူးပြည့် စိုးစံ၊ မဖြူသန့်ထွန်းနှင့် မောင်အောင်သော်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်ခင်ဆွေဝင်းက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ၃ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မအေးသုခစံ၊ မတင့်တင့်မိုးဦးနှင့် မသဲဧကရီထွန်းတို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီး၏ ဇနီး ဒေါ်ဝင်းရီက ၃ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မအိသဉ္ဇာဦးနှင့် မဖြိုးအိမွန်၊ ၂ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မလှိုင်စံမိုးတို့ကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက တက္ကသိုလ်ဝင် စာမေးပွဲတွင် ၂ ဘာသာ၊ ၁ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ နှင့် စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ကျေးဇူးတင်စကားပြောကြား
ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဂုဏ်ထူး ၆ ဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မဖြူစင်သက်မှူးက ကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားပြီး ကျောင်းသား ကျောင်းသူများက “ကျောင်းတော်မှသည် ကောင်းကျိုးမျှော်ရည်” တေးသီချင်းဖြင့် သီဆို ဖျော်ဖြေကြသည်။
ယနေ့ ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးမှ ကျောင်းသား ကျောင်းသူ ၂၇၉၅ ဦး အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှု ငွေကျပ် ၁၃၉၉၉၀၀၀ နှင့် ငွေကျပ် ၁၄၃၈၀၀၀၀ တန်ဖိုး ရှိ ဗလာစာအုပ် ၃၅၉၅ ဒါဇင်ကို လည်းကောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၁၀၂ ဦးအနက် ရိုးရိုးအောင်မြင်သူ ၅၇ ဦးအား တစ်ဦးလျှင် ကျပ်ငါးသောင်း၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၆ ဘာသာ ဂုဏ်ထူးရှင် တစ်ဦးတို့အား ဂုဏ်ထူးတစ်ခုလျှင် တစ်ဘာသာ တစ်သိန်းနှုန်းဖြင့် ချီးမြှင့်ငွေကျပ် ၁၁၁၅၀၀၀၀ ကိုလည်းကောင်း ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ထောက်ပံ့ချီးမြှင့်ငွေကျပ် ၃၉၅၂၉၀၀၀ ဖြစ်ကြောင်း သိရသည်။
စိန်ရတုပြတိုက် ကြည့်ရှုလေ့လာ
မွန်းလွဲပိုင်းတွင် ကျောင်းသား ကျောင်းသူများ နှင့် ၎င်းတို့၏ မိဘများသည် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် ကြည့်ရှုလေ့လာကြသည်။
ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လေ့လာရေးအဖွဲ့အား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး လေ့လာရေးအဖွဲ့များသည် ပင်မအဆောက်အဦ အတွင်းရှိ ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာများကို ကြည့်ရှု လေ့လာကြသည်။
စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသ
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်း တင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံး အဆောင်ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်း ပြသထားမှုများအား ကြည့်ရှုလေ့လာကြသည်။
သတင်းစဉ်