နေပြည်တော်၊ စက်တင်ဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်၊ စည်းလုံးညီညွတ်စေရန်၊ အားကစား စိတ်ဓာတ်ဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်နိုင်စေရန်နှင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၄ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုအဆင့် ပတ်လည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည့်ရှု အားပေးကြသည်။ နံနက်ပိုင်းတွင် အုပ်စုအဆင့်ပွဲစဉ်များ စတင်ကျင်းပရာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းက ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအသင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအသင်းက မီဒီယာဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
မွန်းလွဲပိုင်းတွင် အုပ်စုအဆင့်ပွဲစဉ်များဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအသင်းက ပြန်ကြားရေးဝန်ကြီးရုံးအသင်းကို နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ သတင်းနှင့်စာနယ်ဇင်း အသင်းက ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အသင်းကို နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအသင်းက ပြန်ကြားရေး ဝန်ကြီးရုံးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
ပါဝင်ယှဉ်ပြိုင်
အဆိုပါ ၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ စုစုပေါင်း အသင်းခြောက်သင်း ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ရာ ဆီမီးဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ ၂၄ ရက်တွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအသင်းတို့သည်လည်းကောင်း၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအသင်းတို့သည်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်