ရန်ကုန် ဇူလိုင် ၂၄

ပြန်ကြားရေးဝန်ကြီးဌာန (ရန်ကုန်မိသားစု)များ၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာနဓမ္မာရုံ၌ ပြုလုပ်ရာ ပြန်ကြားရေး ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းဟောင်းများအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပင့်သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူစောင့်တည်ကြပြီး လှူဒါန်းမှုအစုစုကို လျှောက်ထားကာ တာဝန်ရှိသူများက ပင့်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းများ၊ နဝကမ္မအလှူတော်ငွေများ၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် နန်းဦးပရဟိတဆရာတော် ဘဒ္ဒန္တဦးဇောတိကထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယနေ့ လှူဒါန်းသည့် စုစုပေါင်းလှူဒါန်းငွေမှာ ငွေကျပ် ၃၂၇၉၄၀၀ ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)