နေပြည်တော် နိုဝင်ဘာ ၃

 

နိုင်ငံတော်အစိုး၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိ စိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှု ရရှိစေရန်ရည်ရွယ်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်မှုတစ်ခုအဖြစ် တန်ဆောင်တိုင်ကာလနှင့် တိုက်ဆိုင်ကာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့၊ အငြိမ့်ပဒေသာတို့နှင့်အတူ  နိုင်ငံကျော်တေးသံရှင်များ ပါဝင်သီဆိုတင်ဆက်သည့် ဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အဆိုပါဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာ ကြည့်ရှု အားပေးကြသည်။

 

ဂီတဖျော်ဖြေပွဲမစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့် မိသားစု ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာ့အသံမှ တေးသံရှင်များက မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်က “ငါသာစော်ဘွားဖြစ်ချင်တယ်’’၊ “မေတ္တာရေလှိုင်း အသည်းပြင်ရိုင်း” ၊ “ ရွှေသုန္နရီ”၊ “နှင်းပွင့်သစ္စာ” ၊ “စနေထောင့်မှာပန်းလှူမယ်”  စသည့် တေးသီချင်းများဖြင့် လည်းကောင်း၊ ခေါင်းဆောင်မင်းသမီး မြတ်ဆုချယ်၊ ရှေ့ထွက် မင်းသမီး မြတ်သဇင်သင်း၊ လူရွှင်တော် စောမင်းနောင်၊ ဇော်မင်းထွန်း၊ လင်းဇော်နိုင်၊ ကျော်မင်းစိုး၊ မျိုးကျော်သူနှင့် စိုင်းစည်သူတို့ ပါဝင်သည့် အဉ္ဇလီ အငြိမ့်ဖျော်ဖြေခန်းဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ရာ ဝန်ထမ်းများ၊ မိသားစုဝင်များက ပျော်ရွှင်စွာ  ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

ကျန်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင်လည်း နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)