ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ထမနဲထိုးပြိုင်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် တပို့တွဲလတွင် ထမနဲထိုးပွဲကျင်းပကြသည့်အစဉ်အလာ၊ ချမ်းအေးသည့်ရာသီတွင် ထမနဲကို ဆေးလည်းအစာ အစာလည်းဆေးသဖွယ် စားသုံးကြသည့်ဓလေ့၊ စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ ထမနဲထိုးကြသည့် ဝိုင်းတော်သားများအပြင် အားပေးသည့်ပရိသတ်များ အပြိုင်အဆိုင်ရင်းနှီးချစ်ခင်မှု၊ ပျော်ရွှင်စရာကောင်းမှုတို့နှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်း ခြောက်သင်းဖြစ်သည့် ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာ အတိုင်းတပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ တပျော်တပါး ထမနဲထိုးကြစဉ် အိုးစည်ဗုံမောင်းများ၊ အကအဖွဲ့များ၊ အားပေးကြသူများက သံချပ်များ၊ သီချင်းများ ပြိုင်တူသီဆိုပြီး အပြိုင်အဆိုင်အားပေးကြသည်။

ယင်းနောက် နှစ်သိမ့်ဆုများရရှိကြသည့် အသင်းများအား ဒုတိယဝန်ကြီးနှင့် ဇနီးတို့က ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တတိယဆုရရှိသည့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ဒုတိယဆုရရှိသည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပထမဆုရရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ထမနဲအသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အားပေးမှုအကောင်းဆုံးဆုရရှိသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် ငွေသားဆုနှင့် ပြည်ထောင်စုဝန်ကြီးနှင့် မိသားစုက ကံစမ်းမဲချီးမြှင့်သည့် စက်ဘီးတစ်စီးတို့အား ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပေးအပ်ချီးမြှင့်ပြီး ရွှေမိုးငွေမိုးများ ပက်ဖျန်း၍ ပြိုင်ပွဲကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်