နေပြည်တော် ဖေဖော်ဝါရီ ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော် အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ဦးစီးမှူးများ၊ ဆုရရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ချက်များကို ဖော်ညွှန်းပြသထား သည့် “ယုံကြည်ရဲရင့် အားမာန်ဖွင့် မရွံ့ခြေလှမ်း ရှေ့သို့လှမ်းမည်” Video Clip ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြန်ကြားရေးဝန်ကြီးဌာန၏ အရေးပါသည့် ဌာနတစ်ခုအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းလာခဲ့သည်မှာ ယခုဆိုလျှင် ၃၄နှစ် ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဌာနကြီးတစ်ခု ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ခြင်းမှာ ဌာနရှိ ဦးဆောင် ဦးရွက်ပြုနေသူများရော တာဝန်အသီးသီးကို ကျေပွန်စွာထမ်းဆောင်နေကြသည့် ဝန်ထမ်းများပါ တက်ညီလက်ညီဖြင့် စည်းလုံးညီညွတ်မှုကြောင့်ဖြစ်ပြီး နောင်အနာဂတ်အတွက်လည်း အရေးပါသည့်ကဏ္ဍမှ ရှေ့ဆက်လျှောက်လှမ်းလျက် ရှိနေကြမည်ဟု ယုံကြည်စွာဖြင့် အသိအမှတ်ပြု ပြောကြားလိုပါကြောင်း။
၂၀၂၄ ခုနှစ်သည် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ထူးခြားသည့် စွမ်းဆောင်နိုင်မှုများကို ပြသနိုင်ခဲ့ သည့် နှစ်တစ်နှစ်ဟု ဆိုနိုင်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို အဆင့်မီစွာကျင်းပနိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားများကို နိုင်ငံတစ်ဝန်းတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်အညီ ကြီးကျယ်ခမ်းနားစွာ ပါဝင်ကျင်းပနိုင်ခဲ့ခြင်းတို့အပြင် အခြားသော ဝန်ကြီးဌာနများနှင့် ပူးပေါင်းကျင်းပသည့် အခမ်းအနားများတွင်လည်း အနှစ်သာရရှိရှိ ပူးပေါင်းပါဝင်နိုင်ခဲ့ခြင်းများ ရှိခဲ့ပါ ကြောင်း၊ ထိုဆောင်ရွက်ချက်များ သည် ၂၀၂၄ခုနှစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ထူးခြားသည့် စွမ်းဆောင်ရည်များပင်ဖြစ်သည်ဟု ဂုဏ်ယူဖွယ်ရာ အသိအမှတ်ပြု ပြောကြားလိုပါကြောင်း။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာများ မြှင့်တင်ဆောင်ရွက်ပေးရန်၊ ဗလ ငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ် တိုင်းပြည်၏ အားကိုးအားထားပြုရမည့် မျိုးဆက်သစ်ခေါင်းဆောင်များ ဖြစ်လာစေရန် အတွက် အကျင့်စာရိတ္တကောင်းမွန် ရေးနှင့်မျိုးချစ်စိတ်ဓာတ် ရှင်သန် ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများနှင့် လူငယ်စကား ဝိုင်းများကိုလည်း တစ်နိုင်ငံလုံး ကျင်းပနေမှုများကိုလည်း တွေ့မြင်နေရပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကောင်းမွန်သည့် ပြည်သူ့ဆက်ဆံ ရေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများအကြား ပေါင်းကူးတံတားသဖွယ် လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အဓိကကျသည့် ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေး နေသည်ကိုလည်း တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က မြို့နယ်အဆင့် လုပ်ငန်းစွမ်းဆောင်ရည်ဆု ပထမဆုရရှိသည့် ဒေးဒရဲမြို့နယ်ရုံး၊ ဒုတိယဆုရရှိသည့် နတ်မောက်မြို့နယ်ရုံး၊ တတိယဆုရရှိသည့် တပ်ကုန်းမြို့နယ်ရုံးနှင့် အထူးဆုရရှိကြသည့် မြို့နယ်ရုံး များအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အကောင်းဆုံးဆောင်ရွက်နိုင်မှု ဆုရရှိသည့် ဘားအံခရိုင်ရုံး၊ စစ်ကိုင်းခရိုင်ရုံး၊ မင်းဘူးခရိုင်ရုံး၊ ပြင်ဦးလွင်ခရိုင်ရုံး၊ တောင်ကြီးခရိုင်ရုံး၊ မြောင်းမြ ခရိုင်ရုံးတို့အား လည်းကောင်း၊ ခရိုင်အဆင့်လုပ်ငန်းစွမ်းဆောင်ရည်ဆု ပထမဆုရရှိသည့် တောင်ကြီးခရိုင်ရုံး၊ ဒုတိယဆုရရှိသည့် ရမည်းသင်းခရိုင်ရုံး၊ တတိယဆုရရှိသည့် ပြင်ဦးလွင်ခရိုင်ရုံးတို့အားလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးရုံးအား လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဆုရရှိသူများကိုယ်စား မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝေဝေဖြိုးက ကျေးဇူးတင်စကား ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
သတင်းစဉ်