မြစ်ကြီးနား ၂၀ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနား ပထမပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ထူးချွန်ကျောင်းသားကျောင်းသူများက ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ နိုင်သက်လွင်နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသားကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယအပိုင်းကို ဘွဲ့နှင်းသဘင်ခန်းမအတွင်း၌ ဆက်လက်ကျင်းပရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ကလေးစာပေပွဲတော် Theme Song သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် ကလေးစာပေပွဲတော်များကို ၂၀၁၆ ခုနှစ်မှစတင်ကာ ကျင်းပလာခဲ့ခြင်းဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော်များတွင် ကျင်းပခဲ့ကြပါကြောင်း၊ ခရိုင်မြို့များနှင့် မြို့နယ်များတွင်လည်း ကျင်းပခဲ့ကြပါကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံအတွင်းရှိ နေရာအများအပြားတွင် ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ကျင်းပနိုင်ခဲ့ခြင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းပါဝင်မှုကြောင့်လည်း ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ကလေးစာပေပွဲတော်များကို ကလေးများ ပျော်ရွှင်စေရန်နှင့် ကလေးစာပေပွဲတော်များမှ တစ်ဆင့် ကလေးများ စာဖတ်သည့် အလေ့အကျင့် ဖြစ်ပေါ်လာပြီး စာပေဝန်းကျင်းတွင် ပျော်မွေ့တတ်စေရန်အတွက်လည်း ရည်ရွယ်ပါကြောင်း၊ ကလေးစာပေပွဲတော်များကို စာပေဖတ်ရှုသည့် အလေ့အကျင့်သာမက ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရရှိစေရန် အတွက် အများနှင့် ပေါင်းစပ်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကလေးငယ်များ စာဖတ်သည့် အလေ့အကျင့် ရရှိစေရန်အတွက် ကလေးစာပေပွဲတော်များအပြင် ဝန်ကြီးဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများတွင် ကလေးစာဖတ်ခန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ကလေးငယ်များကို ငယ်ရွယ်သည့် အရွယ်မှစတင်ကာ စာဖတ်သည့် အလေ့အထကို ပြုစုပျိုးထောင်လျှင် ယခုပြောဆိုနေကြသည့် Life Long Learning အလေ့အကျင့်ကို လေ့ကျင့်ပြုစုပြီးသားဖြစ်မည်ဖြစ်ပါကြောင်း၊ စာပေသည့် အလေ့အကျင့်နှင့် အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့် ရင့်သန်လာသော ကလေးငယ်များသည် လူတော် လူကောင်းများ ဖြစ်လာကြမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံမှ ကလေးငယ်များသည် လူတော် လူကောင်းများ ဖြစ်လာကြပါက နိုင်ငံ၏ အနာဂတ်သည်လည်း တိုးတက် ကောင်းမွန် လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းတို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် အခြေခံပညာကျောင်းများ၊ ပညာရေးကောလိပ်နှင့် မြစ်ကြီးနား တက္ကသိုလ်တို့မှ ကျောင်းသား ကျာင်းသူများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွဲတော်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
(သတင်းစဉ်)