ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းအများ၊ လူပုဂ္ဂိုလ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

ရန်ကုန်  ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည်  ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ်(၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းနှင့်မီဒီယာလုပ်ငန်း(မြဝတီ) (MWD Media Centre)တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ဖြစ် မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ချီးမြှင့်သည်။


ရှေးဦးစွာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည့် မှတ်တမ်း video clipအား ပြသသည်။


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် အခမ်းအနားကြီး ဖြစ်မြောက်အောင် ပါဝင်ကူညီပေးခဲ့ကြသူများကို ဂုဏ်ပြုခြင်းအခမ်းအနားဖြစ်ပါကြောင်း၊ အခမ်းအနားကြီးဖြစ်မြောက်အောင် ဌာနဆိုင်ရာအသီးသီးနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၁၇)ခုကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယခုလို လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှာ ပါဝင်ကူညီပေးခဲ့ကြသည့် သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဲဒီအခမ်းအနားကြီးမှာ ရုပ်ရှင်တစ်သက်တာဆု(၃)ဆုနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၉)ဆု၊ စုစုပေါင်း (၁၂)ဆုကို ချီးမြှင့်ခဲ့ပါကြောင်း၊ ထူးချွန်ဆုများကို ၂၀၂၃ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား (၃၅)ကားထဲကမှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကဲဖြတ် အမှတ်ပေးပုံစံများနဲ့အညီ ရွေးချယ်ခဲ့ကြပါကြောင်း။ 


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ယခင်နှစ်က စတင်ထည့်သွင်းခဲ့သည့် အစီအစဉ် တစ်ခုဖြစ်သည့် အကောင်းဆုံးဝတ်စား ဆင်ယင်မှုဆုကို ယခုနှစ်တွင်လည်း ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်အခမ်းအနားကြီးကို တက်ရောက်ခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များနှင့်တကွ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ၊ နိုင်ငံတဝန်းက TV ဖန်သားပြင်ပေါ်ကနေ ကြည့်ရှုနေကြတဲ့သူများအားလုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသည် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ခဲ့သည်လို့ မှတ်ချက်ပြုကြသည်ကို ကြားသိရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။


ထူးချွန်ဆုချီးမြှင့်ခြင်း ခံရသူများအနေနဲ့လည်း ဂုဏ်ယူဝမ်းမြောက် နေတာတွေရသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ယခုနှစ် ထူးချွန်ဆုရရှိသူတွေထဲမှာ လူငယ်အနုပညာရှင်တွေပါဝင်လာသည့်အတွက် မြန်မာ့ ရုပ်ရှင်လောက တစ်ခေတ်ဆန်းသစ်ရန် အားသစ်လောင်းသည့်အနေအထားမျိုး တွေ့ရပါကြောင်း၊  မျိုးဆက်သစ် အနုပညာရှင်လူငယ်များအနေဖြင့် အားကျပြီး မြန်မာ့ရုပ်ရှင်လောကကြီး ယခုထက်မက တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းပေးပါကြောင်း ပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က ဂုဏ်ပြုဝမ်းမြောက် စကားပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း က ကျေးဇူးတင်စကားပြောကြားပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မြင့်ဦး က ဆုရွေးချယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 


ယင်းနောက် ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပါဝင်ပံ့ပိုးကူညီသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ ထူးချွန်ဆုရရှိသူများကိုယ်စား ရုပ်ရှင်တစ်သက်တာဆုရှင် အကယ်ဒမီဒေါ်နွဲ့နွဲ့စန်း က ကျေးဇူးတင် စကားပြောကြားခဲ့သည်။

သတင်းစဉ်