နေပြည်တော် စက်တင်ဘာ ၂၅

 

၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ကြည့်ရှု အားပေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားစိတ်ဓာတ်သည်    တိုင်းပြည်ချစ်စိတ်ကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့်တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ် ပေါ်ပေါက်လာစေမည်ဖြစ်သည့်အတွက် အားကစားပွဲများကို ရာသီအလိုက် နိုင်ငံတော်က ကျင်းပပေးနေခြင်း ဖြစ်ကြောင်း။

 

ကြိုတင်လေ့ကျင့်ပြင်ဆင်

နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်စေရန်     လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးတို့ကို ဦးတည်ချက်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အတွက်   မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့်လည်း ကျန်းမာကြံ့ခိုင်ရေးအတွက် ဌာနအလိုက် အားကစား လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကြိုတင်လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ထားကြစေလိုကြောင်း၊ ကျန်းမာ ပျော်ရွှင်ပြီး    စည်းလုံးညီညွတ်မှုရှိသည့် ဝန်ကြီးဌာနဖြစ်စေလိုကြောင်း  ပြောကြားသည်။

 

ယနေ့ကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်၊ စည်းလုံးညီညွတ်စေရန်၊ အားကစားစိတ်ဓာတ်ဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်နိုင်စေရန်နှင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ   ပေါ်ထွန်းလာစေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အားကစား ဝါသနာရှင်များ တစ်ခဲနက် လာရောက်အားပေးမှုနှင့်အတူ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (တတိယလုပွဲ)ပွဲစဉ်တွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအသင်းက မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် ယှဉ်ပြိုင် အနိုင်ရရှိသည်။

 

သုံးပွဲပြတ်ဖြင့်နိုင်

ဆက်လက်၍ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ (ဗိုလ်လုပွဲ)ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစား ကြရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအသင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအသင်းကို    သုံးပွဲပြတ်ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ခြင်းအခမ်းအနားကို  ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများက      နှစ်သိမ့်ဆုရရှိသည့်   ပြည်ထောင်စုဝန်ကြီးရုံးအသင်းနှင့်  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အသင်းတို့အားလည်း ကောင်း၊ စတုတ္ထဆုရရှိသည့်  မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသင်းအားလည်းကောင်း ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

 

ပေးအပ်ချီးမြှင့်

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသည့် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းအသင်းအား ဆုပေးအပ်ချီးမြှင့်ပြီး ဒုတိယ ဝန်ကြီး ဦးရဲတင့်က ဒုတိယဆုရရှိသည့်  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး    ဦးစီးဌာနအသင်းအား      တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ပြည်ထောင်စုဝန်ကြီးဖလားကို ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးဖလား အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆု ရရှိသည့် မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား အသင်းမှ မောင်ပေါစံအား ဆုပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသော အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဒိုင်အဖွဲ့အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ကာ ဆုရရှိသည့်    ပြိုင်ပွဲဝင်  အားကစားသမားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

အဆိုပါ ပြည်ထောင်စုဝန်ကြီး ဖလား အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို  စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ   ကျင်းပခဲ့ခြင်းဖြစ်ပြီး  ပြိုင်ပွဲသို့  ပြန်ကြားရေးဝန်ကြီးဌာန  ဝန်ကြီးရုံးနှင့်  ဝန်ကြီးဌာနအောက်ရှိ  ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ  ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

သတင်းစဉ်