နေပြည်တော်၊ ဇူလိုင် ၈
ပြန်ကြားရေး ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် (တပ်ကုန်း)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မြေနေရာတွင် ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို တတိယအကြိမ် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် နွေရာသီတွင် မြန်မာနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရပြီး အစွန်းရောက်ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပွား ခဲ့သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိမြို့များသည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ထိပ်တန်းမှ ပါဝင်လာခဲ့ကြောင်း။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတည်ရှိသည့် နေပြည်တော်တပ်ကုန်း မြို့နယ်သည်လည်း ပူပြင်း ခြောက်သွေ့သောဒေသတွင် ပါဝင်သဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ သစ်ပင်စိုက်ပျိုးပွဲများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပိုင် မြေနေရာတွင် သုံးနှစ်ဆက်တိုက်ရွေးချယ် သတ်မှတ်ပြီး စီစဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ရှိပြီးသစ်ပင်များကို ထိန်းသိမ်းမှုအပြင် နှစ်စဉ်သစ်ပင် စိုက်ပျိုးမှုများ ပြုလုပ်လာခြင်းကြောင့် ယခုအခါ တောအုပ်တစ်ခုအတွင်းသို့ ရောက်ရှိလာသကဲ့သို့ စတင်မြင်တွေ့ လာရပြီဖြစ်ပါကြောင်း။
သစ်ပင်သစ်တောများကို ပြုစုပျိုးထောင် ထိန်းသိမ်းလာနိုင်မှုနှင့်အညီ စိမ်းလန်းစိုပြည်လာပြီး ရာသီဥတု မှန်ကန်လာမှုကိုလည်း မျက်မြင်တွေ့မြင် သိရှိကြပြီး ဖြစ်ပါကြောင်း၊ သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးနှင့် တန်ဖိုးကို သိရှိနားလည်ပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ကောင်းမွန်စေရေး အထောက်အကူပြုနိုင်ရန်၊ ဂေဟစနစ်ကို ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ချက်များနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ဦးဆောင်ပြီး နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် တစ်နိုင်ငံလုံးတွင် သစ်ပင်ပေါင်း ၂၂ သန်း စိုက်ပျိုး တည်ထောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း။
“ပူနွေးကမ္ဘာ တားဆီးရာ ဖြေရှာတစ်ခု တောပြုစု” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရန် အတွက် သစ်တောများ၏ အရေး ပါမှုကို သိရှိနားလည်ပြီး စိုက်ပျိုးခဲ့ကြသည့် သစ်ပင်များအားလုံး ရှင်သန်စေရန်အတွက် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးကြရန်နှင့် ရှိပြီးဖြစ်သော သဘာဝတောကျန် သစ်ပင်များကိုလည်း အားလုံးဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေး ဝန်ကြီးဌာနရှိ ဌာနဆိုင်ရာမျာ အလိုက် စိုက်ပျိုးမည့်ပျိုးပင်များကို ခွဲဝေပေးအပ်ရာ ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း တို့မှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လက်ခံရယူကြသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များကို သစ်တောဦးစီးဌာန နေပြည်တော် ဥတ္တရခရိုင်ဦးစီးမှူး ဦးကျော်ကျော်အောင်က လွှဲပြောင်းပေးအပ်ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လက်ခံရယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီးတို့က မဟော်ဂနီပင်ကို ဦးဆောင် စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစု ဝင်များက သစ်ပင်/ ပျိုးပင်များကို ဆက်လက်၍ စုပေါင်းစိုက်ပျိုး ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးကြသည်။
ယင်းနောက် ငါးမျိုးစိုက်ထည့်ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ငါးကန်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ငါးမျိုးများကို ဦးစွာ စိုက်ထည့်ပေးကြပြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် မိသားစုများက ငါးမျိုးများကို ဆက်လက်စိုက်ထည့်ပေးကြ သည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဆိတ်ကောင် ရေ ၂၃၆ ကောင်နှင့် ဘဲကောင်ရေ ၅၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်ရေး ထိရောက်အောင် စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်/ ပျိုးပင်ပေါင်း ၁၆၀၀ စိုက်ပျိုးခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင် သစ်ပင်/ပျိုးပင်ပေါင်း ၁၄၀၀ နှင့် စိန်တစ်လုံး သရက်ပျိုးပင် ၆၂၅ ပင် စုစုပေါင်း သစ်ပင်ပျိုးပင်ပေါင်း ၂၀၂၅ ပင် စိုက်ပျိုးမှုနှင့်အတူ ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ ၅၀၀၀ ကိုလည်း ငါးမျိုးစိုက်ထည့်နိုင်ခဲ့ကြောင်း၊ ယနေ့ ကျင်းပသည့် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်/ပျိုးပင်ပေါင်း ၁၅၀၀ နှင့် စိန်တစ်လုံး သရက်ပင် ၅၀၀ စုစုပေါင်း သစ်ပင်/ ပျိုးပင်ပေါင်း ၂၀၀၀ စိုက်ပျိုးခဲ့ပြီး ငါးမျိုးစိုက်ထည့်ပွဲတွင် ထိုင်း ငါးခုံးမ ငါးသားပေါက်ကောင်ရေ ၅၀၀၀ ကို ငါးမျိုးစိုက်ထည့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Virtual Studio တွင် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC) မှ ကချင်တိုင်းရင်းသား တိုင်းရင်းသူဝန်ထမ်းနှစ်ဦး၏ “ကချင်မြေကိုလာပါ”၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူ ဝန်ထမ်းနှစ်ဦး၏ “ချင်းတောင်တန်းမှ ကြိုဆိုပါ၏”နှင့် ရှမ်းတိုင်းရင်းသားတိုင်းရင်းသူ ဝန်ထမ်းနှစ်ဦး၏ “လမ်းမုန်း ရိုးရာပွဲ” တေးသရုပ်ဖော် ရိုက်ကူးမှု တို့ကို ကြည့်ရှုအားပေးသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စားရိပ်သာတွင် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ အစည်းအဝေး ခန်းမ၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် လိုအပ်သော ပစ္စည်းများ တင်ဒါတင်သွင်းရန် အောင်မြင်ခဲ့ကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အရည်အသွေး မှန်ကန်ကောင်းမွန်သည့် ပစ္စည်းအမျိုးအစားကို သတ်မှတ်ချိန်အရောက် အချိန်မီတင်သွင်းနိုင်ရေး အလေးထား ဆောင်ရွက်ပေးရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အားလုံး ချစ်သည် MRTV ” ၊ “သီချင်းများပေါင်းစပ် ဟာသတစ်ခန်းရပ်” တေးသရုပ်ဖော်နှင့် “ MRTV နှင့် ကောင်းသောနေ့” တေးသီချင်းတို့ ဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်း ကောင်း၊ “ချစ်စရာ့အရွယ် ကစား ကြမယ်”ကလေးများအစီအစဉ် ရိုက်ကူးထုတ်လွှင့်နိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုနှင့် စမ်းသပ် ရိုက်ကူးမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင် မူကြိုကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
သတင်းစဉ်



