စစ်တွေ ၃၀ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများမှ ပြည်သူများအတွက် လှူဒါန်းသော ရေဒီယိုများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က အမှာစကားပြောကြားပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများအတွက် ရေဒီယိုများ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများအတွက် ရေဒီယိုအလုံး (၆၇၈၈၀)ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က လက်ခံသည်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ရေဒီယိုထုတ်လွှင့်မှုကို နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ မြန်မာအပိုင်းနှင့် အင်္ဂလိပ်အပိုင်းအစီ အစဉ်ဖြင့် ထုတ်လွှင့်ပေးလျက်ရှိပြီး ရခိုင်ဘာသာစကားအပါအဝင် တိုင်းရင်းသားဘာသာ ၁၇ မျိုးဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည်။

မြန်မာ့ရုပ်မြင်အသံကြားမှ ဒီဂျီတယ်စနစ်ဖြင့် လိုင်ပေါင်း ၁၈ လိုင်းခန့် ထုတ်လွှင့်ပေးလျက်ရှိပြီး ရခိုင်ပြည်နယ်တွင် ဒီဂျီတယ်စနစ်ဖြင့် ထုတ်လွှင့်သည့် ထပ်ဆင့်လွှင့် စက်ရုံ ၁၇ ရုံရှိကြောင်း သိရသည်။ ရခိုင်ဘာသာအစီအစဉ်ဖြင့် ထုတ်လွှင့်နေသည့် တိုင်းရင်းသားဘာသာ ရုပ်သံလိုင်းမှလည်း ရခိုင်ပြည်နယ်၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများကို ထုတ်လွှင့်ပေးလျက်ရှိသည်။
သတင်း- မျိုးမြင့်၊ မောင်စိန်လွင်၊
ဓာတ်ပုံ- မင်းထက်