စစ်တွေ ၁၅ မတ်
ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော ရေဒီယိုများအား ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ တာဝန်ရှိသူများထံ ရေဒီယိုများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြန်ကြာရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ရေဒီယိုများ လက်ခံရယူကြသည့် မြို့နယ်များကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့အခမ်းအနားတွင် မေယု FM ဖမ်းယူရရှိသည့် ဘူးသီးတောင်မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၃၁၃၉၇ စု၊ မောင်တောမြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၁၆၁၃၃ စုနှင့် ရသေ့တောင် မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၂၄၅၆၇ စုထံသို့ ရေဒီယိုအလုံးပေါင်း ၆၇၈၈၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများသို့ ရေဒီယိုများပေးအပ်ရသည့် ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က " ဒီနေ့ ရေဒီယိုပေးအပ်တဲ့ မြို့နယ်တွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ သတင်း အချက်အလက် ရရှိတဲ့အခါမှာလည်း ခက်ခဲကြတယ်။ ဒီလိုရေဒီယိုလေး ရှိမယ်ဆိုရင်သူတို့ သတင်းအချက်အလက်တွေ ရရှိကြမယ်။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ကြိုတင် သတိပေးချက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ သိရှိပြီးကြိုတင်ပြင်ဆင်နိုင်မယ်။ ဒါကြောင့် ဒီလိုဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေကို ဦးစားပေးပြီး ပေးအပ်တာ ဖြစ်ပါတယ်။ ခုလိုပေးအပ်လှူဒါန်းတာကတော့ ပထမဆုံးဖြစ်ပါတယ်။ နောက်ထပ် လိုအပ်တဲ့နေရာတွေရှိရင်လည်း ဆက်လက်လှူဒါန်းသွားမှာဖြစ်ပါတယ်။" ဟုပြောသည်။
သတင်း၊ ဓာတ်ပုံ - မျိုးသူထွန်း


