ရန်ကုန် ၁ သြဂုတ် 

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသော သတင်းစာနှင့် ဂျာနယ်များတွင် ကာတွန်းကောင်းများ ဖော်ပြနိုင်ရေး အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရွှေသွေးဂျာနယ်အား ယခင်ကကဲ့သို့ လူကြိုက်များ၊ ထင်ရှားသော  ဂျာနယ်ဖြစ်လာစေရေးအတွက် ကာတွန်းပညာရှင်ကြီးများက အကြံဉာဏ်များ ပေးစေလိုပါကြောင်း၊ ထိုအကြံပြုချက်များအပေါ် အခြေခံ၍ လက်တွေ့ဖြစ်မြောက်အောင် အကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နေ့စဉ်ထုတ်သတင်းများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံ၊ The Global New Light of Myanmar နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေလျက်ရှိသည့်  ဒို့ကျေးရွာစာစောင်တို့တွင် ကာတွန်းကောင်းများ ဖော်ပြနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက သတင်းစာနှင့် ဂျာနယ်တို့တွင်  ကာတွန်းများ  ဖော်ပြနိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသော ကာတွန်းပညာရှင်ကြီးများက ၎င်းတို့၏ အတွေ့အကြုံများ၊  ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။ 

သတင်းစဉ်